close

ကုလြငိမ်းချမ်းရေးတပ်

close

July 27, 2022

ကွန်ဂိုဆန္ဒပြပွဲအတွင်း ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁၂ ဦးထက်မနည်း သေဆုံး

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့ပိုင်း ဂိုမာမြို့က ကုလသမဂ္ဂဆန့်ကျင်ရေး ဒုတိယမြောက်နေ့ ဆန္ဒပြပွဲတွေအတွင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ အရပ်သား ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

MONUSCO လို့ လူသိများတဲ့ ကုလသမဂ္ဂမစ်ရှင်အရ နှစ်ရှည်လများ ပြင်းထန်လာခဲ့တဲ့ စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုတွေကနေ ပြည်သူတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း တိုင်ကြားမှုတွေကြောင့် ဆန္ဒပြမှုတွေ ဖြစ်ခဲ့ရတာပါ။

ဆန္ဒပြပွဲတွေဟာ ဇူလိုင် ၂၅ ရက်က ဂိုမာမြို့မှာ စတင်ခဲ့ပြီး ၂၆ ရက်က ဘူတမ်ဘိုကို ပျံ့နှံ့သွားခဲ့ကာ မစ်ရှင်မှာပါတဲ့ ကုလသမဂ္ဂ စစ်သားတယောက်နဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ယောက် ပစ်သတ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် ဖာရန်ဟက်ခ်က နယူးယောက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ကျောက်ခဲတွေနဲ့ ဓာတ်ဆီဗုံးတွေကို ပစ်ပေါက်ပြီးတော့ ကုလသမဂ္ဂ အဆောက်အဦတွေကို ဖျက်ဆီးပြီး မီးရှို့ခဲ့ကြတာကြောင့် မြို့နှစ်မြို့လုံးမှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တွေက အင်အားသုံး လက်တုံ့ပြန်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။

ဂိုမာမှာ ဆန္ဒပြသူနှစ်ယောက်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တွေက အသေပစ်သတ်ခဲ့တာကို ရိုက်တာသတင်းထောက်တယောက်က တွေ့မြင်ခဲ့ပါတယ်။

အနည်းဆုံး လူငါးယောက်သေဆုံးပြီး အယောက် ၅၀ ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ် မူယာယာက ပြောပါတယ်။

ဘူတမ်ဘိုမှာ အနည်းဆုံး အရပ်သား ၇ ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူ တော်တော်များများရှိခဲ့ကြောင်း မြို့တော်ရဲချုပ် ပေါလ်ငိုမာက ပြောပါတယ်။

ကုလသမဂ္ဂတပ်ဖွဲ့ဝင်တွေအနေနဲ့ ဆန္ဒပြသူတွေကို လူစုခွဲရာမှာ မျက်ရည်ယိုဗုံးတွေကို သုံးဖို့နဲ့ လိုအပ်လာရင် သတိပေး ပစ်ခတ်မှုတွေကိုသာလုပ်ဖို့ အကြံပြုထားကြောင်း ဖာရန်ဟက်ခ်က ပြောပါတယ်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်တွေဟာ နှစ်ပေါင်းများစွာ အလွဲသုံးစားပြုမှု စွပ်စွဲချက် ပြဿနာတွေ ဝိုင်းနေခဲ့တာပါ။

ဒီဆန္ဒပြပွဲတွေကို အာဏာရပါတီရဲ့ လူငယ်အဖွဲ့တဖွဲ့က ခေါ်ယူခဲ့ပြီး ထိရောက်မှုမရှိဘူးလို့ ပြောထားတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးမစ်ရှင်ကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ MONUSCO ရဲ့ ပြောရေးဆိုခွင့်ရှိသူကိုတော့ မှတ်ချက်ပေးဖို့ ဆက်သွယ်လို့ မရနိုင်သေးပါဘူး။

6 mins Ago
Up