မြန်မာစစ်ဗိုလ်ချုပ်တွေကို ပိုပြီးကျယ်ပြန့်တဲ့ သံတမန်ရေးအရ ဖိအားပိုပေးဖို့ တိုက်တွန်းနေချိန်မှာပဲ အကြမ်းဖက်မှုတွေ ပိုပြင်းထန်လာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက ဇွန် ၁၀ ရက်မှာ သတိပေးပြောကြားလိုက်ပြီး စစ်တပ်က လက်နက်ကြီးတွေကို ရက်ရက်စက်စက် သုံးစွဲနေတာကိုလည်း ရှုတ်ချလိုက်ပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး မီချဲလ်ဘာချီလက်က စစ်ကောင်စီဟာ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ဧပြီလကုန်က အာဆီယံမှာ သဘောတူခဲ့တဲ့ အချက် ၅ ချက်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့နဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးမှုကို စတင်ဖို့ ဆန္ဒမရှိတာကို ပြနေတယ်လို့ ပြောကြားပါတယ်။
ဧပြီလတုန်းက မြန်မာနိုင်ငံကိုလာရောက်ခွင့် ငြင်းပယ်ခံထားရတဲ့ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဟာ ကယားပြည်နယ်မှာ အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုမှု၊ နေအိမ်တွေနဲ့ ဘုရားကျောင်းတွေကို စစ်တပ်က အမြောက်နဲ့ပစ်ခတ်မှုကြောင့် လူပေါင်း ၁၀၈၀၀၀ ကျော် တောထဲထွက်ပြေးနေရမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ တွေကို ပိတ်ပင်ထားမှုတွေအကြောင်း ခိုင်လုံတဲ့သတင်းအစီရင်ခံချက်တွေ အများကြီး တွေ့ရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီဟာ တင်းမာမှုလျှော့ချဖို့ အားထုတ်မှု မရှိတဲ့အပြင် အဓိကကျတဲ့ဒေသတွေမှာ တပ်တွေ ချထားပြီး အကြမ်းဖက်မှုကို ရပ်တန့်မယ်လို့ အာဆီယံမှာ ပေးထားတဲ့ ကတိဖောက်ဖျက်တယ်လို့ ဘာချီလက်က ကြေညာချက်ထဲမှာ ပြောထားပါတယ်။
မြန်မာအပေါ် ဩဇာလွမ်းမိုးတဲ့ နိုင်ငံတွေအပါအဝင် သံတမန်ရေး တိုးမြှင့်ခြင်းကို အားပေးပြီး အတိုက်အခံတွေနဲ့ဖွဲ့စည်းထားတဲ့ NUG အစိုးရ အပါအဝင် နိုင်ငံရေးနဲ့သက်ဆိုင်သူတွေအားလုံး ပါဝင်တွေ့ဆုံဆွေးနွေးမှုကို အရေးတကြီး လိုအပ်နေတယ်လို့လည်း ပြောပါတယ်။
အရပ်သားပြည်သူတွေနဲ့ ပြည်သူတွေရဲ့ အိုးအိမ် ပစ္စည်းတွေအပေါ် အမြောက် လက်နက်ကြီးတွေ အကြီးအကျယ် သုံးစွဲတိုက်ခိုက်နေတာရပ်တန့်ဖို့ စစ်တပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက တညီတညွတ်ထဲ တောင်းဆိုဖို့လိုအပ်ပြီး ဒီအကျပ်အတည်းအတွက် စစ်တပ်ခေါင်းဆောင်မှုမှာသာ တာဝန်ရှိနေတာကြောင့် ဒါကို တာဝန်ခံ ဖြေရှင်းပေးရမှာဖြစ်တယ်လို့ မဟာမင်းကြီးက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလို့ သိကြတဲ့ အသစ်ဖွဲ့စည်းထားတဲ့ အရပ်သားတပ်ဖွဲ့တွေနဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေဟာလည်း ပြည်သူတွေကို မထိခိုက်စေရအောင် ကာကွယ်စောင့်ရှောက်မှုတွေ အားလုံး လုပ်ဆောင်ပေးရမယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးထိန်းသိမ်းမှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ သတင်းတွေကြောင့် အလွန်စိတ်ပူပန်ရတယ်လို့လည်း မဟာမင်းကြီး ဘာချီလက်က ပြောဆိုပါတယ်။ ဇူလိုင် ၇ ရက်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက နောက်ဆုံး အခြေအနေ အစီရင်ခံစာကို ထုတ်ပြန်သွားဖို့ ရှိပါတယ်။