close

ကူညီကယ်ဆယ်ရေး

close

April 12, 2023

ပဇီကြီးကျေးရွာကို တိုက်လေယာဉ်များ ထပ်ရောက်လာသဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ခက်ခဲနေ

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် လူပေါင်း ရာချီသေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို ဒီကနေ့ ဧပြီ ၁၂ ရက်မှာလည်း  လေတပ်က တိုက်လေယာဉ်နဲ့  ၂ ကြိမ်ပတ်ပြီး ပျံဝဲသွား ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီလေယာဉ်တွေရောက်လာတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ထိထိရောက်ရောက် လုပ်ဆောင်လို့မရဘဲ အနှောင့်အယှက် အဟန့်အတား အခက်အခဲ ဖြစ်ရတယ်လို့  ဒေသခံပရဟိတအဖွဲ့တွေက  ပြောပါတယ်။ 

ပဇီကြီးရွာဒေသခံပရဟိတအဖွဲ့ဝင်တစ်ဦးက “ဒီနေ့ ဧပြီ ၁၂ ရက်နေ့လည်း ဂျက်ဖိုက်တာ ၂ စီးနဲ့ မနက်ပိုင်းက တစ်ကြိမ်၊ အခုလေးတင် တစ်ကြိမ် ၂ ကြိမ်ရှိပြီ ရွာပေါ်ကနေပတ်ဝဲနေတော့ ကူညီကယ်ဆယ်ရေးကို ရဲရဲမလုပ်ရဲဘူးဖြစ်နေတယ် ဘာကြောင့် လုပ်တာလဲဆိုတာတော့ စစ်ရေးဗျူဟာ ကျွမ်းကျင်သူတွေကတော့ သိလိမ့်မယ်။ ကျနော်တို့ကတော့ ပရဟိတသမားဆိုတော့ ဒုက္ခရောက်နေသူတွေကို  ကယ်တင်ချင်တဲ့ စိတ်ဓာတ်ပဲရှိတယ်။ ကျနော့်အမြင်ကိုပြောရရင် စစ်ကောင်စီကလည်း ပစ်ခတ်တာတွေ လုပ်ပြီးပြီးဆိုတော့ အပစ်မဲ့ ထိခိုက်ဒဏ်ရာရတဲ့ဒေသခံတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေ လုပ်‌ဆောင်နေတာကို လွတ်လွတ်လပ်လပ်ခွင့်ပြုပေးစေချင်တယ်ပေါ့။ စစ်ကောင်စီအနေနဲ့ အနိုင်အရှုံးဆိုတာထက် မြေပြင်ပကတိ အမှန်တရားကို လက်ခံစေချင်တယ်။ နောက်ထပ် ခြိမ်းခြောက်ပစ်ခတ်တာတွေ ထပ်မလုပ်စေချင်ဘူး။ နောက်ပြီး မလည်တိုက်နယ်က စစ်ကောင်စီတွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်းလုပ်တယ်။ အဲလိုဆိုတော့ ကျနော်တို့ ကူညီကယ်ဆယ်ရေးသမားစစ်စစ်တွေ ကူညီကယ်ဆယ်ရေးလုပ်ရာမှာ ထိထိရောက်ရောက် လုပ်ဆောင်လို့မရဘူးဖြစ်နေတယ်”လို့   ပြောပါတယ်။

ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က မနေ့က မနက်ပိုင်း ၈ နာရီလောက်မှာ  လေကြောင်းကနေ တိုက်လေယာဉ်တွေ စစ်ရဟတ်ယာဉ်တွေနဲ့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ဒေသခံ ရွာသား ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဒေသခံပရဟိတသမားတဦးက “မနေ့က မနက်ပိုင်းကို ပစ်ခတ်ပြီးရွာသားတွေ အများအပြားသေတယ်။ အဲတာကို ကျနော်တို့ပရဟိတသမားတွေ ကူညီကယ်ဆယ်ရေးတွေ နေ့လယ်ပိုင်းစလုပ်တယ်။ နေကလည်းပူ၊ သေဆုံးသူလူဦးရေကလည်းများ၊ ထိခိုက်ဒဏ်ရာရသူက လည်းများတော့ကယ်ဆယ်ရေးလုပ်ရာမှာ အကုန်လုံး တချိန်တည်း၊ တပြိုင်တည်း အကုန်မလုပ်နိုင်ဘူး။ နောက်ပြီးညနေပိုင်းကြတော့ ထပ်ပြီးလေယာဉ်နဲ့ လာပစ်သေးတယ်။ အဲလိုပစ်လို့  လုပ်လက်စကယ်ဆယ်ရေးရပ်ပြီး အကုန်ထွက်ပြေးရတယ်”လို့ ပြောပါတယ်။ 

ပဇီကြီးရွာက သေဆုံးဒဏ်ရာရှိသူတွေရဲ့ မိသားစုဝင်တွေလည်း စိတ်ဝေဒနာ ခံစားနေရသူတွေလည်း  အများအပြားရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်  ပဇီကြီးရွာအပါအဝင် အနီးအနားက  သာယာရွာ၊ လေးတွင်စဉ်ရွာ၊ မယ်‌ဇေတောရွာ၊ မလယ်ရွာ၊‌ ချောင်းမကြီးနဲ့ ခင်ဦးမြို့နယ် ဘက်ခြမ်းက ကျေးရွာက ဒေသခံတွေပါ ရွာထဲမှာ မနေရဲကြဘဲ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

4 mins Ago

September 8, 2021

အရေးပေါ်ကာလ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ မန္တလေးသံဃသမဂ္ဂ လုပ်ကိုင်သွားမည်

အမျိုးသား ညီညွတ်ရေးအစိုးရက စစ်အာဏာရှင်ကို ဘက်ပေါင်းစုံက တော်လှန်ရေး စတင်ကြောင်း ကြေညာပြီးနောက်မှာ မန္တလေး သံဃသမဂ္ဂအနေနဲ့ အရေးပေါ်ကာလ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလို လုပ်ကိုင်ရာမှာ ရပ်ကွက် မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ကိုင်မယ်လို့ စက်တင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူလူထုအနေနဲ့ စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးမှာ တက်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ဖို့၊ အရေးပေါ်ကာလအတွင်း သတိဝီရိယနဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့ မန္တလေး သံဃသမဂ္ဂ သတိပေးတိုက်တွန်းထားပါတယ်။

စစ်အာဏာရှင် တော်လှန်ရေးအတွက် မြန်မာနိုင်ငံတဝန်းကို စက်တင်ဘာ ၇ ရက်နေ့ကစလို့ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည်ထူထောင်နိုင်တဲ့ အချိန်အထိ သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။

2 years Ago
Up