မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ပခုက္ကူခရိုင် တပ်ရင်း အမှတ် (၆) MVRF က ကျေးရွာ ၃ ရွာမှ မီးဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ ငွေကြေးတွေ ထောက်ပံ့လှူဒါန်းပေးခဲ့တယ်လို့ MVRF ကနေ သိရပါတယ်။
မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ခဲ့လို့ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ အိုးဘိုကျေးရွာ၊ ကန်နက်ရွာနဲ့ မကျည်းလေးပင်ရွာက မီးဘေးသင့်ပြည်သူတွေအတွက် ဇန်နဝါရီ ၁၅ ရက် မနက် ၁၁ နာရီလောက်မှာ ဆန် ၆၈ အိတ်၊ ဆီ၊ ဆား၊ အဝတ်အထည်နဲ့ ငွေကျပ် ၁၃ သိန်း ထောက်ပံ့ပေးခဲ့တယ်လို့ MVRF ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသူရိန်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆိုတာ ပြည်သူထဲက ပေါက်ဖွားလာတာဖြစ်ပြီး ပြည်သူတွေ ဒုက္ခရောက်နေတဲ့ဘအချိန်မှာ ပြည်တွင်း ပြည်ပ အလှူရှင်တွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ ပြည်သူမှပြည်သူ့ထံသို ထောက်ပံ့ကူညီရတာ။”
မြိုင်မြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တနှစ်တာအတွင်း စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ ဒေသခံပြည်သူတွေရဲ့ အိမ်ခြေ ၁၇၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ရသလို ပြည်သူ ၁၅၀၀၀ လောက်လည်း ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လူသားချင်း စာနာမှုဆိုင်ရာ အကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်နေတဲ့ ဒရုန်းအဖွဲ့တွေကို ကူညီထောက်ပံ့ပေးဖို့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက် YMB Drone Force အဖွဲ့က NUG အစိုးရကို တောင်းဆိုလိုက်ပါတယ်။
လက်ရှိအသုံးပြုနေတဲ့ဒရုန်းတွေဟာ စစ်ကောင်စီတပ်ရဲ့ ဂျမ်ဘာကို မကျော်ဖြတ်နိုင်ဘဲရှိနေသလို အဲဒီဂျမ်ဘာကျော်ဖြတ်နိုင်ဖို့ ဒရုန်းတွေကို နည်းပညာမြှင့်တင်နေပေမယ့် ငွေကြေးအခက်အခဲ ရှိနေတာကြောင့် NUG အနေနဲ့ ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုတာလို့ YMB Drone Force အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
YMB Drone Force အနေနဲ့ လက်ရှိအချိန်ထိ အွန်လိုင်းပေါ် ပေ့ချ်ထောင် အလှူခံခြင်းမျိုးလည်း ပြုလုပ်ခဲ့တာမရှိသလို ခက်ခဲပင်ပန်းနေတဲ့ပြည်သူတွေဆီကလည်း အလှူမခံချင်တာကြောင့် NUG အစိုးရဆီ တိုက်ရိုက်အကူညီတောင်းခံတာလို့ပြောပါတယ်။
YMB Drone Force အနေနဲ့ စစ်အာဏာရှင်ကိုတော်လှန်တိုက်ပွဲဝင်လတဲ့ ၁ နှစ်ကျော် ကာလအတွင်း NUG အစိုးရဆီက ၂၀၂၂ ခုနှစ် ဇွန် ၂၉ ရက်နေ့က ဒရုန်းပြင်ဆင်စရိတ် ကျပ် ၅၅ သိန်ရခဲ့ဖူးပြီး အကူအညီထပ်တောင်းထားပေမဲ့ NUG ဘက်က တစုံတရာအကြောင်းပြန်တာ မရှိသေးဘူးလို့ ဆိုပါတယ်။
YMB Drone Force အဖွဲ့အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာအပြင် PDF တပ်ရင်းတပ်ဖွဲ့တွေကို ဒရုန်းအသုံးပြုနည်း မျှဝေသင်ကြားပေးနေရာမှာ စက်တင်ဘာ ၁၀ ရက်က အမှတ်စဥ်(၃) သင်တန်းဆင်းပွဲကျင်းပခဲ့ပါတယ်။
အဆိုပါသင်တန်းကို စက်တင်ဘာ ၃ ရက်ကစတင်ပြီး ၈ ရက်ကြာမြင့်ခဲ့ကာ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးနဲ့ မုံရွာမြို့နယ်တို့က ရဲဘော် အယောက် ၂၀ သင်တန်းတက်ရောက်ခဲ့တယ်လို့ သင်တန်းဆင်း PDF ရဲဘော်တဦးက ပြောပါတယ်။