close

ကူမဲမြို့

close

September 5, 2022

ကူမဲမြို့ တလိုင်းကုန်းရွာ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ တလိုင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ကို စက်တင်ဘာ ၅ ရက်မနက်က သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သေနတ်သံတွေ ကြားရတယ်၊ ကြောက်လို့ သွားမကြည့်ရဲဘူး။ ခဏနေတော့ အုပ်ကြီးကို သေနတ်နဲ့ ပစ်သွားတာ သေသွားတယ်။ အရင်တခါလည်း သေနတ်နဲ့ အပစ်ခံရတယ်။ ဆေးရုံမှာ ဆေးကုပြီး ပြန်ဆင်းလာတာ။ အခုတခါတော့ သေဆုံးသွားတယ်။”

ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တလိုင်းကုန်းရွာအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အား စဉ့်ကိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Sint gaing Local people defence force (Sint gaing LPDF) က ပထမအကြိမ် သုတ်သင်ရှင်းလင်းခဲ့ပေမဲ့ အသက်မသေခဲ့ဘူးလို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းနှစ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီနောက် ဦးသန့်ဇင်ဟာ စစ်ကောင်စီရဲ့ တာဝန်တွေကို သေနတ်ခါးကြားထိုးကာ ဆက်လုပ်နေပြီး လောင်းကစားဝိုင်းလုပ်တာ၊ အလှူမင်္ဂလာဆောင်ပါမချန် ငွေတောင်းနေတာကြောင့် ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Kyauk Se District Defense Force -(KDDF) နဲ့ ကူမဲမြို့ပြပြောက်ကျားတပ်ဖွဲ့ (Urban Guerrilla Force Kume) မဟာမိတ် ၂ ဖွဲ့ ပူးပေါင်းကာ သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

9 hours Ago

July 14, 2022

ကူမဲမြို့တွင် နယ်ထိန်းရဲတပ်ကြပ် ၁ ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကူမဲမြို့ ရန်ကုန် - မန္တလေးလမ်း​ဟောင်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တယောက်ကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၄ ရက် မနက် ၉ နာရီ ခွဲဝန်းကျင်က  ကူမဲမြို့၊ ရန်ကုန် - မန္တလေးလမ်းဟောင်းပေါ်မှာ ယူနီဖောင်းဝတ်ပြီး ဆိုင်ကယ်နဲ့ သွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတယောက်ကို ပူးပေါင်းမဟာမိတ်အဖွဲ့က သေနတ်နဲ့ ပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာမှာတင်  သေဆုံးသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်ဟာ ကူမဲမြို့ ရဲစခန်းမှာ တာဝန်ကျတဲ့ နယ်ထိန်းရဲတပ်ကြပ်ကြီး လှမိုးခိုင်ဖြစ်ပြီး ကူမဲမြို့ အနောက်ဘက်ရှိ သာလွန်ကျေးရွာမှာ ဂိတ်ချပြီးပိုက်ဆံတောင်းနေတဲ့သူပါ။

သေနတ်နဲ့ သေချာပစ်ခတ်ခဲ့လို့ နေရာမှာတင်  သေသွားတယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ ( K.D.DF.)  တာဝန်ရှိသူက ပြောပါတယ်။

2 months Ago
Up