ထိုင်းနိုင်ငံမှာ မေလ ၁၃ ရက် တရက်တည်းမှာ ထောင်သား ၂၈၃၅ ယောက် အပါအဝင် ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံ ၄၈၈၇ ယောက် တွေ့ခဲ့တဲ့အတွက် တရက်အတွင်း အသစ်ကူးစက်ခံ အများဆုံး စံချိန်သစ် တင်သွားခဲ့ပါတယ်။
ထိုင်းနိုင်ငံအတွင်း လူတွေ ကြပ်ညပ်နေတဲ့ ထောင်စနစ်ကြောင့် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု အုပ်စုသစ်ဖြစ်လာတဲ့အတွက် ကပ်ဘေးစချိန်ကနေ ခုထိ ကူးစက်ခံ စုစုပေါင်း ၉၃၇၉၄ ယောက် ရှိသွားပါပြီ။
ထောင်က အဆောင် အားလုံးကို လုံးဝပိတ်ထား လိုက်ပြီး ကူးစက်ခံ အကျဉ်းသားတွေအတွက် တချို့ နေရာတွေမှာ ယာယီ ဆေးရုံတွေ ဆောက်ထား ပြီးပြီလို့ အကျင့်စာရိတ္တ ပြုပြင်ထိန်းသိမ်းရေးဌာနညွှန်ချုပ်က မနေ့က အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုအတွင်း လူငယ်ခေါင်းဆောင် ဖြစ်သူ ပါနုပွန် မိုက်ခ် ဂျဒ်နော့ခ်ဟာလည်း ဘန်ကောက်ထောင်ထဲမှာ ထိန်းသိမ်းခံရင်း တရားရင်ဆိုင်နေချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်။
အရင်အပတ်က အာမခံနဲ့ ပြန်လွတ်လာတဲ့ တယောက်ဟာလည်း ပြန်လွတ်လွတ်ချင်း ရောဂါ ကူးစက်ခံ ထားရမှန်းသိလို့ ဆေးရုံတက် ကုသခဲ့ရတယ်လို့ မေလ ၁၂ ရက်က တွစ်တာ လူမှုကွန်ယက်ပေါ် ကနေ ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ် -၁၉ ကူးစက်ခံ သေဆုံးသူ အသစ် ၃၂ယောက် ရှိတယ်လို အစီရင်ခံထားလို့ စုစုပေါင်း ကူးစက်ခံ သေဆုံးသူ ဦးရေ ၅၁၈ ယောက် ရှိသွားပါပြီ။