ဗြိတိန်နိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်နှုန်းတိုးလာတာမျိုး အလားတူ အခြေအနေကိုမြင်ရဖို့ မျှော်လင့်ထားတယ်လို့ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်း အမေရိကန်ပညာရှင် ဒေါက်တာ အန်ထော်နီဖောင်စီက မတ် ၂၀ ရက်မှာ ပြောပါတယ်။
ABC သတင်းဌာနက ဂျော့ချ် စတက်ဖနိုပေါလပ်စ်နဲ့ သီတင်းပတ် အစီအစဉ် လူတွေ့ မေးမြန်းခန်း အတွင်းသူက ခုလို ပြောလိုက်တာပါ။
အခန်းတွင်းမှာ ပါးစပ် နှာခေါင်းစည်း ဝတ်ဆင်ဖို့ ကန့်သတ်ချက်တွေ လတ်တလော ဖြေလျှော့ပေးတာကို ပြန်ပြောင်းဖို့ လိုအပ်မလားဆိုတာနဲ့ ပတ်သက်ပြီးမေးရာမှာ သူမျှော်လင့်မထားဘူးလို့ ပြောပါတယ်။
နောက်ဆုံးသီတင်းပတ် အချက်အလက်တွေအရ ကူးစက်ခံ ဦးရေ တိုးလာတာကို ကိုးကားပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ပြီးဆုံးဖို့ အဝေးကြီး လိုသေးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ပြောခွင့်ရက မတ် ၁၈ ရက်မှာ ပြောပါတယ်။
တခြားအချက်အလက်တွေထဲကမှ နိုင်ငံတနိုင်ငံတိုင်းက လူဦးရေ ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးပြီးဖို့ ပန်းတိုင်ကို ဘယ်လောက် အမြန်ရောက်နိုင်မလဲဆိုတဲ့အပေါ် မူတည်ပြီး ကပ်ဘေးရဲ့ အမြန် ကူးစက်မှုအဆင့်က ဒီနှစ်ထဲမှာ အဆုံးသတ်နိုင်မယ်လို့ WHO က အစောပိုင်းက ပြောထားပါတယ်။
ကူးစက်နှုန်း တလကြာ လျော့ကျအပြီး အရင်အပတ်ကစလို့ ကမ္ဘာတဝန်းက ကူးစက်ခံဦးရေ ပြန်တိုးလာတယ်လို့လဲ WHO က ပြောပါတယ်။
အာရှမှာ အသွားအလာ ပိတ်ဆို့ကန့်သတ် ထားရသလို တရုတ်နိုင်ငံ ကျိလင်းပြည်နယ်မှာလည်း ကူးစက်မှု ထိန်းချုပ်ဖို့ တိုက်ပွဲဝင် နေရပါတယ်။
ခုလိုကူးစက်မှု တိုးလာတာဟာ အများပြည်သူဆိုင်ရာ ကျန်းမာရေးနဲ့ လူမှုရေး ကန့်သတ်ချက်တွေ ကို ဖြေလျှော့လိုက်တာနဲ့ အိုမီခရွန် ဗီဇမျိုးကွဲရဲ့ ဝမ်းကွဲ တော်စပ်သူ အင်မတန် ကူးစက်လွယ်တဲ့ ဘီအေတူး ဗီဇမျိုးကွဲ ကူးစက်မှု ၂ ရပ်ပေါင်းသွားလို့ ဖြစ်တာလို့ WHO က ပြောထားပါတယ်။
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ရှိ ကျေးရွာတိုင်းလိုလိုမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ လူနာတွေရှိနေပြီး ဆေးရုံမှာလည်း ကိုဗစ်လူနာတွေနဲ့ ပြည့်နေလို့ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ပူတာအို ပရဟိတလူငယ်တစ်ဦးက ပြောပါတယ်။
"ရွာတိုင်းနီးပါး ကိုဗစ်ကူးစက်ခံထားရပါတယ်။ ဆေးရုံမှာဆို ကိုဗစ်လူနာတွေနဲ့ ပြည့်နှက်နေပြီး နေရာမဆံ့တော့ပါဘူး။ စစ်ဆေးရုံကလည်း ကိုဗစ်လူနာကို လက်မခံကြတော့ဘူး။ တချို့ဆို ဆေးရုံတောင်မရောက်ရဘဲနဲ့ သေဆုံးသွားတဲ့ လူနာတွေလည်းရှိပါတယ်။ အ သက်ကြီးပိုင်းနဲ့ နာတာရှည်လူနာတွေ အများအပြား သေဆုံးခဲ့ရတယ်။ မီးဖွားခါစ မိခင်နှစ်ယောက်နဲ့ စကစ စစ်သားတစ်ယောက်လည်း ကိုဗစ်ကူးစက်ခံရလို့ သေဆုံးခဲ့ပါတယ်။”
ပူတာအိုဒေသခံတစ်ဦးကလည်း "ရောဂါဖြစ်ခါစမှာ အားကစားပြိုင်ပွဲတွေကျင်းပလိုက်တော့ ပိုဆိုးသွားတယ်၊ ပြည်သူတစ်ချို့က စည်းကမ်းမရှိကြတော့ ကြိုတင်ကာကွယ်မှုတွေမရှိခဲ့ဘူး။ လာရောက်တဲ့ သူတွေလည်း တစ်နေ့တစ်နေ့ အယောက်ထောင်ချီလာကြပါတယ်။ အဲဒီကနေ ကိုဗစ်ရောဂါ တမြို့လုံးကို ဖြန့်သလိုဖြစ်သွားတော့ အဲဒီနောက်ပိုင်း ရွာတိုင်းလိုလိုမှာ ရောဂါကူးစက်နေတဲ့ လူနာရှိနေပါပြီ" လို့ ပြောပါတယ်။
ပူတာအို ကိုဗစ်ထိန်းချုပ်ရေးနဲ့ပက်သက်ပြီး ဒေသခံ လူမှုအဖွဲ့အစည်းတိုင်းက ကြိုးစား လုပ်ဆောင်နေပြီး လူနာတွေနဲ့ စေတနာ့၀န်ထမ်းများအတွက် အကာကွယ်ပစ္စည်းတွေ အကူညီလိုအပ်နေပါတယ်။
ပူတာအိုပြည်သူများအနေနဲ့ ကိုဗစ် -၁၉ နဲ့ ပတ်သက်လို့ ရှောင်ရန်၊ ဆောင်ရန်များကို စည်းကမ်းရှိစွာ လိုက်နာရင် ကိုဗစ်ပြဿနာကို ကျော်လွှားနိုင်မယ်လို့ ပူတာအိုလူငယ်တစ်ဦးကလည်း ပြောပါတယ်။
ပူတာအိုခရိုင် ပြည်သူ့ဆေးရုံရဲ့ စစ်တမ်းကောက်ချက်အရ ပိုးတွေ့လူနာစုစုပေါင်း ၇၉၃ ဦး၊ ကုသဆဲလူနာ ၁၇၆ ဦး၊ သေဆုံးသူပေါင်း ၁၄ ဦးနဲ့ ဆေးရုံဆင်းသူလူနာပေါင်း ၆၀၃ ဦးလို့ သိရှိရပေမယ့် အတည်မပြုနိုင်သေးတဲ့လူနာများလည်း ရှိနေပါတယ်။