close

ကူးစက်မှုအသစ်၁၈၀၀

close

July 11, 2022

ထိုင်းတွင် တရက်တည်းကူးစက်မှုအသစ် ၁၈၀၀ ကျော်၊ ၂၄ ဦးထပ်မံသေဆုံး

ကိုဗစ်-၁၉ အရေးပေါ်ကာလ တိုးမြှင့်ထားတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၁,၈၁၁ ယောက် ရှိခဲ့ပြီး ၂၄ ယောက်ထပ်မံပြီးတော့ သေဆုံးခဲ့တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ရက်ကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၂ ယောက်ရှိခဲ့တာမို့ သေဆုံးမှုနှုန်း လျော့ကျလာပေမယ့် ရောဂါကူးစက်မှုကတော့ ပိုတိုးလာခဲ့လာလို့ ဆိုပါတယ်။

လတ်တလော ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၂,၂၆၈ ယောက်ရှိခဲ့ပြီး ဆေးကုသမှုခံယူနေသူ အရေအတွက်ကတော့ ၂၄,၀၇၆ ယောက်ရှိနေကာ အဲဒီ အရင်နေ့က ၂၄,၅၅၇ ယောက်ထက် ပိုပြီးတော့ ကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အစောပိုင်း ကိုဗစ်-၁၉ ကူးစက်မှု စတင်ချိန်ကတည်းက ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄ ဒသမ ၅၃ သန်းကျော်ရှိခဲ့ပြီး အဲဒီထဲမှာ ၂ ဒသမ ၃၂ သန်းကျော်ကတော့ အခု နှစ်ထဲမှာ ကူးစက်ခံရသူတွေဖြစ်ကာ လတ်တလောအချိန်ထိ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာသူပေါင်း ၄ ဒသမ ၅၄ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူအရေအတွက် စုစုပေါင်းကတော့ ၃၀,၈၅၉ ယောက် ရှိလာခဲ့ပြီး အဲဒီထဲမှာ အယောက် ၉,၁၆၁ ကတော့ အခုနှစ်အတွင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာတော့ ကိုဗစ်- ၁၉ ကူးစက်ရောဂါကြောင့် အချိန် ၂ နှစ်ကျော်ပိတ်ထားခဲ့ရတဲ့ အိမ်နီးချင်း ၄ နိုင်ငံက နယ်စပ်တံခါးပေါက်တွေကို ပြီးခဲ့တဲ့ မေ ၁ ရက်နေ့မှာ ပြန်ဖွင့်ခဲ့တာဖြစ်ပြီး နိုင်ငံတကာလေဆိပ်တွေမှာ Test & Go စနစ်ကိုလည်း ဖျက်သိမ်းလိုက်ကာ ဝင်ရောက်ခွင့်ပြုလိုက်တာပါ။

ဒါ့အပြင် နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း ပြီးခဲ့တဲ့ မေလထဲမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကန့်သတ်ထိန်းချုပ်ပြီး ပြန်လည် ဖွင့်လှစ်ထားပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်တုန်းကတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိရောက်စွာ ထိန်းချုပ်နိုင်ရေးနဲ့ ပြည်သူတွေရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ အရေးပေါ်အခြေအနေကာလကို လာမယ့် စက်တင် ဘာလကုန်ထိ ၂ လထပ်မံပြီးတော့ တိုးမြှင့်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ကတော့ သန်း ၅၆၀ ကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူပေါင်း ၆ ဒသမ ၃၇ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူ စုစုပေါင်းကတော့ ၅၃၃ ဒသမ ၇၆ သန်းကျော် ရှိနေတာပါ။

ရောဂါကူးစက်မှု အများဆုံးနိုင်ငံတွေကတော့ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး၊ ပြင်သစ်၊ ဂျာမနီနိုင်ငံတွေဖြစ်ပြီး ထိုင်းနိုင်ငံကတော့ ကမ္ဘာ့နိုင်ငံတွေထဲ ရောဂါကူးစက်မှုအမြင့်ဆုံးအဆင့် ၂၆ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

10 mins Ago
Up