ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဗီဇမျိုးစိတ်သစ်ပိုး ကူးစက်ခံရသူ ၁ ဦး တွေ့ရှိပြီး ပြည်သူတွေအနေနဲ့ ခုခံအားကောင်းမွန်စေဖို့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၄ ကြိမ်ထိ ထိုးနှံထားကြဖို့ ကျန်းမာရေးဝန်ကြီးက သတိပေးထားပါတယ်။
အဆိုပါ ကိုဗစ်-၁၉ ဗီဇမျိုးစိတ်သစ်အမည်မှာ XBC Deltacron ဖြစ်ပြီး ကူးစက်ခံရသူမှာ အသက် ၄၇ နှစ်အရွယ် ထိုင်းအမျိုးသမီး ၁ ဦးလို့ ဆိုပါတယ်။ သူမဟာ အိမ်မှာ ATK နဲ့ မိမိဘာသာ အရင်စစ်ပြီး ဆေးရုံရောက်တော့ RT-PCR စနစ်နဲ့ ပြန်စစ်ရာမှာ အဆိုပါမျိုးစိတ်သစ်ကို စစ်ဆေးတွေ့ရှိတာလို့ ထိုင်းနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန ညွှန်မှူး ဒေါက်တာ နရေ့ကရတ်ဆ်နိုင်းဝိဝုန်းက ဒီဇင်ဘာ ၁ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
သူမဟာ ဒီမတိုင်ခင်က ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ ကြိမ် (AStraZeneca နဲ့ Pfizer) ကို ထိုးနှံခဲ့ပြီး ရောဂါအခြေအနေ မပြင်းထန်ဘဲ သက်သာပျောက်ကင်းပြီဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ လူနာအခြေအနေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်မှ ၂၆ ရက်အတွင်း ဆေးရုံမှာ တက်ရောက်ကုသနေသူပေါင်း ၄,၉၁၄ ဦး၊ ပျမ်းမျှ ၁ ရက်ကို ၇၀၂ ဦးရှိပြီး သေဆုံးသူမှာ ၇၄ ဦး ပျမ်းမျှ တနေ့ကို သေဆုံးသူ ၁၀ ဦးရှိတယ်လို့ ဒေါက်တာ နရေ့က ဆက်ပြောပါတယ်။
လက်ရှိအခြေအနေမှာ ကိုဗစ်-၁၉ ကို သာမန်ရောဂါလို သဘောထားပြီး ပြည်သူတွေ ပုံမှန်နီးပါး ပြန်လည်သွားလာနေထိုင်နေကြပေမဲ့ သတိထားဖို့တော့ လိုအပ်ကြောင်း၊ ကျန်းမာရေးဌာနအနေနဲ့လည်း ပြည်သူလူထုထဲမှာ၊ လူသိပ်သည်းပြီး ရောဂါပြန့်ပွားလွယ်တဲ့ နေရာတွေမှာ စဉ်ဆက်မပြတ် စစ်ဆေးကုသမှုတွေရှိနေကာ အခြေအနေကို သတိထား စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
ထိုင်းကျန်းမာရေးဝန်ကြီး ဒေါက်တာ အနုထင်းချိုင်းဝီရကွန်းကလည်း ဒီလဟာ နှစ်တနှစ်ရဲ့ နောက်ဆုံးလ၊ ခရီးသွားဧည့်သည်တွေ အသွားအလာများလို့ သတိထားဖို့၊ ကိုဗစ်-၁၉ ကာကွယ်ဆေး လုံးဝ မထိုးနှံရသေးသူတွေ၊ ၆၀၈ အုပ်စု (အသက် ၆၀ နှစ်အထက်နဲ့ ရောဂါအခံရှိသူ၊ ကိုယ်ခံအားနည်းသူတွေ) အနေနဲ့ ကာကွယ်ဆေး မဖြစ်မနေထိုးနှံဖို့၊ နီးစပ်ရာ ပြည်သူ့ဆေးရုံတွေမှာ အခမဲ့ထိုးနှံနိုင်ကြောင်း၊ ကာကွယ်ဆေးမထိုးက ကိုဗစ်-၁၉ ကူးစက်ခံရရင် ဝေဒနာပြင်းစွာခံစားရပြီး အသက်ပါဆုံးရှုံးနိုင်တယ်လို့ ထပ်လောင်း သတိပေးပါတယ်။
ကာကွယ်ဆေးထိုးနှံပြီးသူတွေ အနေနဲ့လည်း ခုခံအားတွေ ပိုမိုကောင်းမွန်အောင် တကြိမ်နဲ့ တကြိမ် ၄ လနဲ့ ၆ လခြား စုစုပေါင်း ၄ ကြိမ်အထိ ထိုးနှံထားကြဖို့ တိုက်တွန်းထားပါတယ်။