ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်းမှာ ဟိန္ဒူဘာသာဝင်တွေကို တင်ဆောင်လာတဲ့ ကူးတို့လှေ နစ်မြုပ်မှုကြောင့် သေဆုံးသူဦးရေဟာ စက်တင်ဘာ ၂၆ ရက် လူ ၅၀ ဦးအထိ တိုးလာခဲ့ပြီး နောက်ထပ်ခရီးသည် အများအပြား ပျောက်ဆုံးနေကြောင်း သိရပါတယ်။
ဟိန္ဒူဘာသာဝင်တွေဟာ သူတို့ဘိုးဘေးတွေကို ပူဇော်ပသတဲ့ မဟာလာယ အခမ်းအနား ကျင်းပရာ ဘုရားကျောင်းကို လာရောက်ကြတာ ဖြစ်ပါတယ်။
ရေငုပ်သမားတွေဟာ ဘုရားဖူးပရိသတ်ရဲ့ အလောင်းတွေကို ဆက်ရှာဖွေနေကြဆဲဖြစ်ပါတယ်။ အခုထိ အမျိုးသမီး ၂၅ ဦးနဲ့ ကလေး ၁၃ ဦး အပါအဝင် သေဆုံးသူတွေကို ရှာတွေ့ထားကြောင်း မတော်တဆမှု ဖြစ်ပွားခဲ့ရာ မြောက်ပိုင်း Panchagarh ခရိုင် အုပ်ချုပ်ရေးမှူး Jahurul Islam က ပြောပါတယ်။
ကူးတို့လှေ နစ်မြုပ်မှုကို အဖွဲ့ဝင် ၅ ဦးပါ ကော်မတီက စုံစမ်းစစ်ဆေးနေကြောင်းနဲ့ ကနဦး သတင်းတွေအရ လှေဟာ တင်နိုင်စွမ်းရဲ့ ၃ ဆနီးပါး ပိုတင်ဆောင်ခဲ့ကြောင်း အစ်စ်လာမ်က ပြောပါတယ်။
ပျောက်ဆုံးနေသူတွေရဲ့ စာရင်းကို သက်ဆိုင်ရာ အာဏာပိုင်တွေက စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ သင်္ဘောပေါ်မှာ လူ ၇၀ ကျော်လောက် လိုက်ပါခဲ့ကြောင်း ခရီးသည်တွေက ပြောပါတယ်။
တချို့ခရီးသည်တွေဟာ ကမ်းခြေထိ ရေကူးလွတ်မြောက်ပြီး တချို့လည်း ကယ်တင်ခံရပြီး ခရီးသည် ၁၅ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကုန်းတွင်းရေကြောင်းလမ်း ကျယ်ဝန်းပြီး ဘေးကင်းရေးစံနှုန်းတွေ လျော့ရဲတဲ့ အနိမ့်ပိုင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ ကူးတို့ မတော်တဆမှုကြောင့် နှစ်စဉ် လူဒါဇင်နဲ့ချီ သေဆုံးနေပါတယ်။