close

ကူးတို့

close

February 19, 2022

ဂရိနှင့် အီတလီကြားပြေးဆွဲနေသည့် ကူးတို့ မီးလောင်

ဂရိနိုင်ငံနဲ့ အီတလီနိုင်ငံအကြား ရွက်လွှင့်နေတဲ့ ကူးတို့ ရေယာဉ်တစီးဟာ ဖေဖော်ဝါရီ ၁၈ ရက် အစောပိုင်းက မီးလောင်ခဲ့အပြီး လူ ၂ ယောက် ပိတ်မိနေတယ်လို့ ဂရိကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။ 

တခြား ခရီးသည်တွေနဲ့ ကူးတို့ ရေယာဉ်ပေါ်က ဝန်ထမ်းတွေကိုတော့ ကယ်ဆယ်ပြီးပါပြီ။ လူ ၁၀ ယောက်ထက် မနည်း ပျောက်နေတယ်လို့ ဂရိမီဒီယာတွေက ဖော်ပြပေမဲ့ ဒီသတင်းကို အာဏာပိုင်တွေက အတည်မပြုရသေးပါဘူး။ 

အီတလီအလံ လွှင့်ထားတဲ့ ယူရိုဖယ်ရီ အိုလံပီယာ ကူးတို့ယာဉ်ပေါ်မှာ ခရီးသည် ၂၃၉ ယောက်နဲ့ ဝန်ထမ်း ၅၁ ယောက်ပါပြီး အများစုကို ကူးတို့ယာဉ်ပေါ်ကနေ ကယ်ဆယ်ရေး သင်္ဘောတွေ ပေါ် လွှဲပေးပြီး ကော်ဖှူကျွန်း ဆိပ်ကမ်းဆီ သယ်သွားပြီးပြီလို့ ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။

ဆိပ်ကမ်းမှာတော့ လူနာတင်ယာဉ်တွေက စောင့်နေပြီး သေဆုံးသူနဲ့ ဆိုးဆိုးရွားရွား ဒဏ်ရာရသူ ရှိမရှိ အစီရင်ခံထားတာ မရှိသေးပေမဲ့ အသက်ရှူရခက်တဲ့ လူတယောက်ကိုတော့ ဆေးရုံကို တင်ပို့ပေးထားပြီးပါပြီ။

ဂရိအနောက်ပိုင်းက အကြီးဆုံး ဆိပ်ကမ်းဖြစ်တဲ့ အစ်ဂေါင်မနစ်စာ ဆိပ်ကမ်းကနေ ထွက်လာတဲ့ ကူးတို့ယာဉ်ဟာ အီတလီနိုင်ငံ ဘရင်ဒီစီဆိပ်ကမ်းဆီ ၉ နာရီကြာ ခရီးကို ထွက်ခဲ့တာပါ။ မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတုန်းပဲလို့ တာဝန်ရှိသူတွေက ပြောသလို ကူးတို့ယာဉ်ကလည်း မီးလောင်နေဆဲပါ။

1 min Ago
Up