close

ကေတုမတီမြို့သစ် ပျံကျဈေး

close

February 10, 2023

တောင်ငူ ကေတုမတီမြို့သစ် ပျံကျဈေး မီးလောင်၊ ကျပ်သိန်း ၃၀၀ ဖိုးခန့် ဆုံးရှုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်က ပျံကျ‌ဈေးမှာ ဖေဖော်ဝါရီ ၉ ရက် ည ၁၁ နာရီခွဲလောက်က ဝါယာကြိုးရှော့ဖြစ် မီးလောင်မှုကြောင့် ဆိုင်ခန်း ၂၂ ခန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တောင်ငူမြို့ခံတွေဆီကနေ သိရပါတယ်။

အဆိုပါ ပျံကျဈေးရဲ့ အတွင်းဘက်က ကုန်ခြောက်ဆိုင်ခန်းတွေနဲ့ သားငါးဆိုင်ခန်းတွေ ရှိတဲ့နေရာက စတင်လောင်ကျွမ်းတာလို့ သိရပြီး ဈေးအရှေ့ဘက် ဆိုင်ခန်းတွဲတွေတော့ မီးကူးစက်မှု မရှိဘူးလို့ သိရပါတယ်။

တောင်ငူအခြေစိုက် လူမှုကူညီရေးအသင်းတခုက “ဆိုင်ခန်းက တဈေးလုံးဆို ၄၀ နီးပါးရှိတယ်။ ညက ၁၁ နာရီမခွဲ‌ခင်လောက်ကတည်းက မီးခိုးတွေ အူပြီးထွက်လာတာ တွေ့လို့ မီးသတ်ကို ဖုန်းဆက်ကြတာ။ မြို့သစ်က မီးသတ်ယာဉ်နဲ့ တောင်ငူကပါ လာကြတယ်။ အားလုံး ၆ စီးနဲ့ ဝိုင်းငြှိမ်းလို့ ည ၁၂ နာရီကျော်လောက်မှာ ငြိမ်းသွားပါတယ်။ လောလောဆယ် သိရတာက သွယ်ထားတဲ့ မီးကြိုးကနေ ဖြစ်တယ်လို့ပဲ သိရသေးတယ်။ လူတော့ ထိခိုက်မှုမရှိပါဘူး” လို့  ပြောပါတယ်။

ဈေးဆိုင်ခန်းတွေ မီးလောင်ကျွမ်းမှုကြောင့် လက်ကားကုန်ခြောက်ဆိုင် ၅ ဆိုင်ရဲ့ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးက ကျပ်သိန်း ၃၀၀ ခန့် ရှိတယ်လို့ သိရပြီး တခြားဆိုင်တွေရဲ့ တန်ဖိုးကို တွက်ချက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်ကျွမ်းမှုကို တောင်ငူမြို့နယ် မီးသတ်စခန်းက မီးသတ်‌ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၂ စီး၊ ကေတုမတီမြို့သစ်က မီးသတ်‌ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ ရေတာရှည်မြို့နယ်က မီးသတ်ယာဉ် ၁ စီး စုစုပေါင်း ၆ စီးနဲ့ ကေတုမတီမြို့ခံတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာချုပ်ကနေ သိရပါတယ်။

ဓာတ်ပုံ [ MFSD ]

2 mins Ago
Up