close

ကေအန်ယူကွန်ဂရက်

close

May 5, 2023

ကေအန်ယူကွန်ဂရက်နှင့် ခေါင်းဆောင်သစ်များအပေါ် သဘောထားအမြင်များ

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ ၁၇ ကြိမ်မြောက် ကွန်ဂရက်ကို အခုသီတင်းပတ်အတွင်းမှာ ကျင်းပပြီး ခေါင်းဆောင်သစ်တွေလည်း မဲပေး ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။ 

ရွေးချယ်ခံရတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ ဥက္ကဋ္ဌအဖြစ် ပဒိုကွယ်ထူးဝင်း၊ ဒု-ဥက္ကဋ္ဌအဖြစ် ပဒိုစောဆဲဂေ၊ အထွေထွေအတွင်းရေးမှူးအဖြစ် ပဒိုစောတာဒိုမူး၊ တွဲဖက်အတွင်းရေးမှူး (၁) အဖြစ် ပဒိုစောသောသီဘွဲနဲ့ တွဲဖက်အတွင်းရေးမှူး (၂) အဖြစ် ပဒိုစောလှထွန်း တို့ဖြစ်ကြပါတယ်။

အသစ်ရွေးချယ်ထားတဲ့ ကေအန်ယူခေါင်းဆောင်ပိုင်းနဲ့ပတ်သက်ပြီး  ကရင်လူငယ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့  သဘောထားအမြင်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူ ကရင်အမျိုးသမီးတဦး

“အဓိကကတော့ ဒီမဲပေးတဲ့ဟာပေါ့နော်။ မဲပေးတဲ့ဟာမှာဆိုလို့ရှိရင် ကျမတို့ ကရင်ပြည်သူတွေကမ မဲပေးခွင့်မရှိဘူးလေ။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့ မြို့နယ်၊ ခရိုင်တွေကိုယ်စားလှယ်တွေကပဲ မဲပေးခွင့်ရှိတော့ နံပတ် ၁ အချက်က ကျမတို့ဒီပြည်သူတွေက အခွင့်အရေးဆုံးရှုံးတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် ဒီ constitution မှာလည်း အဲလိုမျိုး မပြဋ္ဌာန်းထားတဲ့အတွက် နောက်နောင်ကျလို့ရှိရင် ကျမတို့ ဒီ constitution မှာ ပြည်သူအားလုံး မဲပေးခွင့်ရတဲ့ဟာမျိုးကို ကျမတို့ မျှော်လင့်တယ်ပေါ့နော်။ ပြီးတော့ ဒီ ပြီးခဲ့တဲ့ ကွန်ဂရက် ကျင်းပတဲ့အပေါ်မှာ ကျမအနေနဲ့ မြင်တာကတော့ ဒီဘယ်လောက်ထိ တာဝန်ယူမှုတာဝန်ခံမှုနဲ့ ဘယ်လောက်ထိ မဲက ဒီရလဒ်က ဘယ်လောက်အထိ ယုံကြည်စိတ်ချရလဲပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ကြားသလောက်က တပ်မဟာ ၅ နဲ့ ၂ က သူတို့မဲမပေးဘူး။ ပြီးတော့ ပထမ တရက်မှာလည်း မဲအရေအတွက်က ပိုသွားတယ်လို့ ကျမ တို့ ကြားရတယ်။ ဆိုတော့ ဒီဟာတွေကို ကြည့်ခြင်းအားဖြင့် ဘယ်လောက်အထိ result က တိကျမှန်ကန်ဖို့ ရှိလဲဆိုတာ ကျမတို့က သံသယဖြစ်စေတယ်ပေါ့နော်။”

“ပြီးတော့ ကျမတို့ကရင်အမျိုးသားအားလုံးက ကျမတို့ရဲ့ ဆောင်ပုဒ်က ‘ပဃူးပပိုး” ဆိုပြီတော့ ဆောင်ပုဒ် ရှိတယ်။ ဒါပေမဲ့ ၂ နဲ့ ၅ က voting မပေးတာတောင်မှ election က ဆက်သွားတယ်ဆိုတော့ ဒါက မေးခွန်းထုတ်စရာ ဖြစ်တယ်ပေါ့နော်။ ပြီးရင် ဒီ election မတိုင်ခင်မှာ ခေါင်းဆောင် ဒီဟိုအလုပ်အမှုဆောင်တွေကိုကို ဒီလောင်းကစားနဲ့ပတ်သက်ပြီးတော့ ပါဝင် ပတ်သက်မှုအပေါ်မှာ ဒီအရပ်ဘက်အဖွဲ့အစည်းနဲ့ ပြည်တွင်း ပြည်ပ ကရင်အဖွဲ့အစည်းတွေက တာဝန်ယူမှု တာဝန်ခံမှု ပြည့်ပြည့်နဲ့ ဒီဟာကို စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး အရေးယူဖို့ပေါ့နော်။ ဆိုတော ဒါတွေကို အရင်မဖြေရှင်းဘဲနဲ့ ဒီ election ကိုပဲ လောလောလောလော လုပ်တယ်လို့ ကျမအနေနဲ့ မြင်တယ်။ ဆိုတော့ ဒီဟာက ရွေကောက်ပွဲအားဖြင့် သူတို့ ဒီ legitimatecy တရားဝင်ပြန်ပြီးတော့မှ သူတို့ခေါင်းဆောင် ပြန်လည်ဖြစ်လာဖို့အတွက် လောလောလောလော လုပ်တယ်လို့တော့ ကျမအနေနဲ့ အဲလိုမြင်တယ်ပေါ့နော်။ ပြီးတော့ ဒီဥပမာအားဖြင့် တင်ပြလိုက်တဲ့ case မှာဆိုလို့ရှိရင် ကျမတို့က မေးခွန်းထုတ်စရာ အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဒိုရောဂျာခင်က ကာကွယ်ရေးဝန်ကြီး ဖြစ်တယ်၊ သူ့အနေနဲ့ ပြန်ဖြေရှင်းထားတာက သူက မြေယာ အသိသက်သေအနေနဲ့ သူက တက်ရောက်တယ်ပေါ့နော်။ ကေအန်ယူမှာလည်း ဗဟိုမြေယာကော်မီတီ ရှိတယ်။ ဆိုတော့ ဘာဖြစ်လို့ မြေယာကော်မတီက မတက်ဘဲနဲ့ ကာကွယ်ရေးဝန်ကြီးက တက်ရတလဲပေါ့နော်။ ပြီးတော့ ဒီcase အပေါ်မှာ ကေအန်ယူမှာလည်း တရားရေးဌာန ရှိတယ်ပေါ့နော်၊ တရားသူကြီးက တခွန်းမှ ဒီထုတ်ဖော်ပြောတဲ့ဟာလည်း ကျမတို့ မတွေ့ရဘူး။ ဆိုတော့ ဒီတရားရေးဌာနကကော လွတ်လပ်တဲ့ တရားရေးဌာနဖြစ်ရဲ့လာပေါ့နော်။ ဒါတွေက ကျမတို့ ပြည်သူအနေနဲ့ စဉ်းစားစရာ၊ မေးခွန်းထုတ်စရာတွေဖြစ်တယ်။ အခု ရွေးကောက်တင်မြှောက်တဲ့ ခေါင်းဆောင်တွေကတော့ ကျမတို့ အပြောင်းအလဲ သိပ်ကြီးကြီးမားမားကို မမျှော်လင့်ဘူး။ တစ် တချက်ကတော့ ကျမတို့ မြင်တာကတော့ ပိုပြီးတော့မှ လူငယ်လူလတ်တွေကို နေရာပေးတဲ့ဟာမျိုးကို ကျမတို့က ပိုပြီးတော့မှ မျှော်လင့်တယ်။ ပြီးတော့ ဒီရွေးကောက်ပွဲကလည်း သူ့ကို ကိုယ်ရွေး၊ ကိုယ့်ကို သူရွေးပေါ့နော်။ အဲလိုမျိုးပဲဖြစ်နေတယ်ဆိုတော့ ဒုံရင်း ဒုံရင်းပဲဖြစ်မယ်လို့တော့ ကျမအနေနဲ့ မြင်တယ်။”

“အပြောင်းအလဲ သိပ်ကြီးကြီးမားမား ကျမတို့ သိပ်မမြင်ဘူး။  ဒါပေမဲ့ စိုးရိမ်စရာအနေနဲ့က ဒီအခု ရွေးချယ်ခြင်းခံလိုက်ရတဲ့ ခေါင်းဆောင်တွေက သူတို စကစနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တော်တော်လေးကို ရင်းရင်းနှီးနှီးခင်မင်တဲ့သူ ဖြစ်တယ်ပေါ့နော်။ ဥပမာ သူတို့ကတော့ တိုက်ရိုက် စကစနဲ့ မခင်မင်ဘူး။ ဒါပေမဲ့ စကစနဲ့ အဆက်အသွယ်ရှိပြီးတော့ ကြားထဲကနေ  စကစနဲ့ ကေအန်ယူကြားမှာ ဟိုညှိနှိုင်း ဒီညှိနှိုင်းပေးဖို့အတွက် နီးကပ်တဲ့ဆက်ဆံရေး ရှိနေတဲ့လူတွေနဲ့ တော်တော်လေး ခင်မင်နေတဲ့သူတွေ ဖြစ်တယ်ပေါ့။ ဒုတိယတချက်တော့ ဒီစီးပွားရေးပေါ့နော်။ စီးပွားရေးဆိုလို့ရှိရင်လည်း တကယ့်အဓိက တပ်မဟာ ၄ မှာ ဆိုလို့ရှိရင် Dawei princess ဦးငွေစိုးနဲ့ အရမ်းကိုပဲ ပုဂ္ဂိုလ်ရေးအရ ခင်မင်တဲ့သူဖြစ်တယ်။ ဆိုတော့ ဒီနောက်ပိုင်း ပိုပြီးတော့ သံယံဇာတရေးရာမှာဖြစ်စေ၊ အကြီးစားစီးပွားရေးဇုန်တွေကို လုပ်လာမလားဆိုတာကို ကျမတို့ကတော့ စိုးရိမ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အခု ရွေးချယ်တင်မြှောက်ခံရတဲ့ ဥက္ကဋ္ဌက ၁ အချက် တကယ်စီးပွားရေးလုပ်ငန်း ထဲထဲဝင်ဝင်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ အရမ်းပဲ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုရှိထားတဲ့သူ ဖြစ်တယ်။ ဒုတိယအချက်တော့ စကစကိုယ်တိုင် ချီးမြှင့်ထားတဲ့ ဘွဲ့ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်တွေနဲ့ တခြားဒီ ဆက်ဆံရေးရှိတယ်ပေါ့နော်။ ဆိုတော့ ဒါတွေကတော့ နိုင်ငံရေးမှာ ဖြစ်ဖြစ်၊ ပြည်သူလူထုအပေါ်မှာပေါ့နော်။ ဘာသက်ရောက်မှု ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့နော်။

ကော်သူးလေအရေးလှုပ်ရှားသူ နော်ဇဲဘာ 

“ရွေးချယ်လိုက်တဲ့ ခေါင်းဆောင်သစ်နဲ့ပတ်သက်လို့ ဘာမှအများကြီးပြောစရာမရှိဘူးပေါ့နော်။ သူတို့ဆက်လက်ပြီးတော့မှ ကိုင်တွယ်သွားဖို့၊ လုပ်ဆောင်သွားနိုင်ဖို့အတွက် ထိန်းကျောင်းသွားနိုင်မယ်လို့ မျှော်လင့်တယ်ပေါ့နော်။ ယုံကြည့်မှုတော့ အပြည့်အဝမပေးဘူး။ ဒါပေမဲ့ မျှော်လင့်ရတယ်ပေါ့။ အဲဒါကြောင့်မို့လို့ ဘာပဲဖြစ်ဖြစ် ရှေ့ဆက်ပြီးတော့မှ ကေအန်ယူဟာ သူ့အဖွဲ့အစည်းကိုလည်း ခိုင်မာအောင် ပြန်လည်တည်ဆောက်ပြီးတော့မှ တော်လှန်ရေးရဲ့ လမ်းကြောင်းမှန်ထဲကို ပြန်လည်ရောက်ရှိလာနိုင်အောင်တော့ ထိန်းကျောင်း တည်ဆောက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်တခုကတော့ ပြည်သူတွေနဲ့ ပတ်သက်ပြီးတော့မှ ဒီခေါင်းဆောင်တွေဟာ ဘယ်လောက်အထိ ပြည်သူတွေအပေါ်မှာ ဂရုပြုမှုရှိလဲပေါ့။ ဒီအချိန်မှာ တာဝန်ယူရတဲ့ ခေါင်းဆောင်တွေဟာ ပြည်သူတွေကို ဘယ်လောက် လေးစားသလဲ၊ ဘယ်လောက်ထိ ဂရုပြုသလဲ ပြည်သူတွေနဲ့ ပတ်သက်ပြီးတော့မှ သူတို့ ဘယ်လောက်အထိ တာဝန်ယူသွားမလဲဆိုတဲ့ အရာတွေက အရေးကြီးတဲ့ကာလ ဖြစ်တယ်ပေါ့နော်။ ဒီအခြေအနေ ဒီကာလမှာ သူတို့ကိုယ်တိုင် ဘယ်လို တာဝန်ယူမှု တာဝန်ခံမှုနဲ့ လုပ်ဆောင်သွားမလဲဆိုတတွေကိုလည်း စောင့်ကြည့်သွားဖို့ပဲ လိုအပ်မှာဖြစ်တယ်။”

“အခုလက်ရှိ ရွေးချယ်ခံရတဲ့ ဥက္ကဋ္ဌနဲ့ပတ်သက်ပြီးတော့ သူကတော့ ကရင့်တော်လှန်ရေးမှာ လက်ရှိ ဥက္ကဋ္ဌနေရာမှာ ရွေးချယ်ခြင်းခံရတာဟာ သူရဲ့ဖြတ်သန်းမှုအရကြည့်မယ်၊ သူ့ရဲ့လုပ်ဆောင်ခဲ့မှုအရ ကြည့်မယ်၊ သူ့ရဲ့ သိတတ်နားလည်မှုနဲ့ ဦးဆောင်နိုင်မှုအပေါ်မှာ ကြည့်မယ်ဆိုလို့ရှိရင်တော့ သူ့လောက်လုပ်နိုင်တဲ့သူတော့ ကေအန်ယူမှာ မရှိသေးဘူး။ အဲဒီနေရာမှာ တာဝန်ယူနိုင်တဲ့ တခြားသောသူ မရှိသေးဘူးပေါ့နော်။ မရှိနိုင်ဘူး။ အဲလိုမရှိနိုင်တဲ့ပေါ်မှာလည်း သူက ဒီနေရာမှာ ရွေးချယ်ခြင်းကို ခံရတာဟာ ဖြစ်သင့်တယ်။ ဒါပေမဲ့ တခုကတော့ ဘယ်လောက်ထိ ပြည်သူနဲ့ တသားတည်းဖြစ်အောင် ဦးဆောင်သွားမလဲဆိုတဲ့အရာပေါ် ပြန်ပြီးတော့ စောင့်ကြည့် မော်နီတာလုပ်သွားဖို့တော့ လိုမှာဖြစ်ပါတယ်။”

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ

“အခုလက်ရှိ တက်လာတဲ့ ခေါင်းဆော်သစ်တွေပေါ့နော်။ ဒီဟာတွေကတော့ အဓိကအားဖြင့် ကျနော်တို့ ဒီကေအန်ယူအတွင်းမှာ ဖြစ်နေတဲ့ ရှုပ်ထွေးမှုတွေကို သူတို့ အတတ်နိုင်ဆုံးတော့ ရှင်းအောင် အဓိက ဦးစားပေးတဲ့ လုပ်ငန်းစဉ်တခုအနေနဲ့ ရှင်းလင်းရမယ် ထင်တယ်။ အထူးသဖြင့် ဒီတရုတ်ရာဇဝတ်ဂုဏ်းတွေနဲ့ နာမည်ထွက်နေတဲ့ ကေအန်ယူခေါင်းဆောင်တွေကို ကိုင်တွယ်ပြီးတော့မှ စုံစမ်းစစ်ဆေးအရေးယူဖို့ အဲဒါကို သူတို့ ဦးစားပေးလုပ်ငန်းစဉ်တခုအနေနဲ့ လုပ်ဖို့ လိုအပ်မယ်လို့ ထင်တယ်။ ဆိုတော့ ကေအန်ယူခေါင်းဆောင်တွေနဲ့ ပတ်သက်နေတဲ့ဟာက ကေအန်ယူအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်နေတာဖြစ်တဲ့အတွက် ကေအန်ယူရဲ့ သွားနေတဲ့ နိုင်ငံရေးနဲ့ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်မှုလည်း အများကြီးသက်ရောက်တယ်ပေါ့နော်။ အဲဒီအတွက် ဒီကိစ္စကို မရှင်းလင်းနိုင်ဘူး။ ကေအန်ယူအတွင်းခေါင်းဆောင်နဲ့ ပတ်သက်နေတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ဟာတွေကို သူတို့မရှင်းလင်းနိုင်ဘူး၊ ဒီတိုင်းပဲ ရေရှည်မျှောနေမယ် ဆိုရင်တော့ ကေအန်ယူရဲ့ နိုင်ငံရေအလားအလာ၊ နိုင်ငံတကာမှာ ကေအန်ယူရဲ့ပုံရိပ်နဲ့ ကရင်လူထုအပြင် တခြားတိုင်းရင်းသားတွေရဲ့ ကြားထဲမှာရှိတဲ့ ကေအန်ယူရဲ့ ပုံရိပ်ကတော့ ထိခိုက်နိုင်တယ်။ ပုံရိပ်အများကြီးကျဆင်းနိုင်တဲ့အထားရှိတာပေါ့နော်။”  

“နောက်တခုကလည်း ကျနော်တို့ ပြန်ကြည့်လိုက်မယ်ဆိုရင် တပ်မဟာ ၅ ကလည်း ရာဇဝတ်မှုဂိုဏ်းတွေကို ဖြေရှင်းဖို့အတွက် သူတို့ ဗဟိုကိုစာတင်တယ်။ ပြီးတော့ ကွန်ဂရက်ကိုလည်း စာတင်တယ်လို့လည်း ကျနော်တို့ သိရတယ်ပေါ့နော်။ ဒီစာတင်တဲ့အပေါ် သူတို့ကွန်ဂရက်ကနေ ရွေးကော်ကပွဲမပြီးတော့ သူတို့မရှင်းပေးတော့ တပ်မဟာ ၅ က ကွန်ဂရက် မတက်ဖူးပေါ့နော်။ မတက်တဲ့အတွက် နောက်ဖြစ်လာမယ့်အကျိုးဆက်ကတော့ ကျနော်တို့ သုံးသပ်တာကတော့ တကယ်လို့ အခုတက်လာတဲ့ ခေါင်းဆောင်တွေက ကေအန်ယူရဲ့ပုံရိပ်နဲ့ ကေအန်ယူ ထိပ်သီးခေါင်းဆောင်တွေက ရာဇဝတ်မှုဂိုဏ်းနဲ့ ဆက်စပ်နေတဲ့ဟာတွေကို သူတို့အနေနဲ့ မကိုင်တွယ်ဘူးဆိုရင်တော့ ကေအန်ယူဗဟိုနဲ့ တပ်မဟာ ၅ နဲ့ တခြား တပ်မဟာတချို့တွေ ဆက်ဆံရေးအများကြီး ထိခိုက်လာနိုင်တယ်လို့ ကျနော်ကတော့ အဲလိုမြင်တယ်ပေါ့နော်။ အဲဒီအတွက် အခုလက်ရှိတက်လာတဲ့ ခေါင်းဆောင်တွေအနေနဲ့ ကေအန်ယူရဲ့ အတွင်းရေး ခေါင်းဆောင်မှုဆိုင်ရာ အကျပ်အတည်းနဲ့ဆက်စပ်နေတဲ့ ရာဇဝတ်မှုတွေကို ဦးစားပေးလုပ်ငန်းစဉ်တခုအနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မှသာလျှင်၊ တနှစ်အတွင်း ရှင်းရှင်းလင်းလင်း ကိုင်တွယ်ဖြေရှင်းနိုင်မှသာလျှင် ဗဟိုနဲ့ခရိုင် ကြားမှာရှိတဲ့ ဆက်ဆံရေးတွေက ပြန်ပြီးတော့မှ ကောင်းလာမယ်လို့ ကျနော် အဲဒီလို မြင်တယ်ပေါ့နော်။”

“နောက်တခုက အခုလက်ရှိ ကေအန်ယူဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းကလည်း သူကလည်း အဲဒီစာချုပ် တရုတ်မာဖီးယာဂိုဏ်းကုမ္ပဏီနဲ့ ဆက်စပ်ချုပ်တဲ့ စာချုပ်ထဲမှာလည်း သူက အသိသက်သေအနေနဲ့ ပဒိုရောဂျာခင်နဲ့အတူ အသိသက်သေအနေနဲ့ လက်မှတ်ထိုးထားတာတော့ရှိတယ်။ အဲဆိုတော့ သူကလည်းပဲ နာမည်ပျက်တဲ့အထဲမှာတော့ ပါတာပေါ့နော်။ သို့ပေမဲ့ အဲဒီပျက်တဲ့နာမည်ကို သူက ရှင်းရှင်းလင်းလင်း ပြန်ပြီးတော့မှ ဖြေရှင်းဖို့ဆိုရင်တော့ အထူးသဖြင့် ကေအန်ယူအဖွဲ့အစည်းနဲ့ အောက်ခြေက ဆက်စပ်ပါဝင်ပတ်သက်နေတဲ့ ကေအန်ယူအဖွဲ့ဝင်တွေ၊ ကေအန်ယူ ခေါင်းဆောင်တွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် သူက ပြတ်သားဖို့လိုတယ်။ တကယ်လို့သူက အဲဒါကို မပြတ်သတ်နိုင်ဘူးဆိုရင် သူ့ရဲ့ ခေါင်းဆောင်မှုပုံရိပ်ကအစ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တော်လှန်ရေးအဖွဲ့အစည်းကလည်း နွေဦးတော်လှန်ရေးမှာ ကေအန်ယူက သွားနေတဲ့ တော်လှန်ရေးမှာ အများကြီးသွားထိခိုက်နိုင်တယ်။”

37 mins Ago

April 26, 2023

ခေါင်းဆောင်သစ်ပြန်ရွေးမည့် ကေအန်ယူ ၁၇ ကြိမ်မြောက် ကွန်ဂရက် ကျင်းပ

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ခေါင်းဆောင်ပိုင်းအပါအဝင် ဗဟိုကော်မတီဝင်တွေကို ပြန်လည်ရွေးချယ်မယ့် ၁၇ ကြိမ်မြောက် ကွန်ဂရက်ကို ဧပြီ ၂၄ ရက်နေ့က စတင်ကျင်းပနေပါတယ်။

အဆိုပါကွန်ဂရက်မှာ ခေါင်းဆောင်ပိုင်းအပြောင်းအလဲအတွက် ရွေးကောက်ပွဲတွေ လုပ်သွားမှာဖြစ်ပြီး ကရင်ပြည်သူတွေ လက်ရှိ တောင်းဆိုဖော်ပြနေတဲ့ ခေါင်းဆောင်ပိုင်းတချို့ရဲ့ ဒုစရိုက်မှုနဲ့မကင်းတဲ့  စီးပွားရေးပိုင်ဆိုင်ရာ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ ကော်မတီနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒီကွန်ဂရက်မှာ တပ်မဟာအသီးသီးက ကိုယ်စားလှယ်တွေနဲ့ ကရင်လူမှုအဖွဲ့အစည်းပေါင်းစုံက ကိုယ်စားလှယ်တွေ တက်ရောက်သလို တချို့ တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေက ကိုယ်စားလှယ်တွေ ကတော့ အင်တာနက်အွန်လိုင်းကနေ တက်ရောက်ကြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ကွန်ဂရက်ကို မူလပုံမှန်ကျင်းပရမယ့် ကာလထက် သုံးနှစ်လောက် နှောင့်နှေးပြီး ကျင်းပရတာဖြစ်ပေမဲ့ လက်ရှိမှာတော့ ကွန်ဂရက်တက်ရောက်သူ ၇၅ ရာခိုင်နှုန်းကျော်တဲ့အတွက် အထမြောက် ကျင်းပနိုင်တာဖြစ်ပါတယ်။

ကေအန်ယူရဲ့ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲကျင်းပနိုင်ရေး တက်ရောက်သူ အနည်းဆုံး ၇၅ ရာခိုင်နှုန်းရှိပါက ကွန်ဂရက်ကျင်းပနိုင်တာဖြစ်လို့ အခုတခေါက် ညီလာခံမှာ‌တော့ လူပေါင်း ၂၀၀ နီးပါး တက်ရောက်ကြောင်းလည်း အဆိုပါ ကော်မတီနဲ့ နီးစပ်သူက ပြောပါတယ်။

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ၁၀ ဦးမြောက် ဥက္ကဋ္ဌကို ရွေးကောက်တင်မြှောက်ဖို့ ရှိတဲ့အတွက် ခေါင်းဆောင်သစ် ဘယ်သူဖြစ်လာမလဲဆိုတာ ကရင်လူထုအသိုက်အဝန်းအကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကမ္ဘာတဝန်းမှာရှိတဲ့ ကရင်အဖွဲ့အစည်း ၆၈ ဖွဲ့က ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်တဖွဲ့လုံး နုတ်ထွက်ပေးဖို့ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားပါတယ်။

ဒီလိုတောင်းဆိုထားတဲ့ အကြောင်းတွေထဲမှာ ကရင်ပြည်နယ်၊ မောထိုတလေးနယ်မြေမှာ ပြုလုပ်တဲ့ စီမံကိန်းဖွင့်ပွဲမှာ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကာကွယ်ရေးဌာန ဌာနမှူး ပဒိုစောရောဂျာခင် တက်ရောက်ခဲ့တဲ့ကိစ္စ အရေးယူဆောင်ရွက်ခဲ့တာမရှိခြင်း၊ ရွှေကုက္ကိုမြို့သစ်နဲ့နီးတဲ့ ဟွမ်ယာမြို့သစ်စီမံကိန်းကို ပဒိုစောရောဂျာခင်က ခွင့်ပြုချက်ပေးခဲ့မှုကို အရေးယူဆောင်ရွက်ခဲ့မှုမရှိတာနဲ့ ကေအန်ယူရဲ့ မူဝါဒနဲ့ ဆန့်ကျင်လုပ်ဆောင်နေတဲ့ ခေါင်းဆောင်တွေကို အရေးယူမှုမရှိတဲ့ အချက်တွေကို ထောက်ပြထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီကပေးတဲ့ ဂုဏ်ထူးဆောင်ချီးမြှင့်ဆုကို လက်ခံခဲ့တဲ့ ကေအန်ယူ  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ ကေအန်ယူ ဆုံးဖြတ်ချက်နဲ့  ညွှန်ကြားမှုကို ဆန့်ကျင်ပြီး စစ်ကောင်စီနဲ့ လက်တွဲအလုပ်လုပ်နေတဲ့ ဗဟိုအမြဲတမ်းကော်မတီဝင် ခေါင်းဆောင်တချို့ရဲ့ အပြုအမူတွေဟာ ကေအန်ယူ ဗဟိုအလုပ်မှုဆောင်ကော်မတီနဲ့ ဗဟိုအမြဲတမ်းကော်မတီ နှစ်ရပ်လုံးရဲ့ ကျဆင်းနေတဲ့ ခေါင်းဆောင်မှုပြဿနာကို ပြသနေတာဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။

လက်ရှိကျင်းပနေတဲ့ ကွန်ဂရက်ကနေ ဗဟိုကော်မတီအသစ်ကို ပုံမှန်အတိုင်း မဲစနစ်နဲ့ ရွေးချယ်မှာဖြစ်ပါတယ်။

ကွန်ဂရက်ကျင်းပတဲ့ကာလဟာ ကရင်ပြည်နယ်ဒေသအနှံ့အပြားမှာ တိုက်ပွဲတွေ အပြင်းအထန် နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှာ ပထမဆုံးဥက္ကဋ္ဌက စောစံဖိုးသင် ဖြစ်ပါတယ်။  ခေတ်အဆက်ဆက် ကေအန်ယူ ဥက္ကဋ္ဌတွေအဖြစ် စောစံဖိုးသင် ၁၉၄၇၊ စောဘဦးကြီး ၁၉၄၇ မှ ၁၉၅၀၊ စကောလယ်တော ၁၉၅၀ မှ ၁၉၅၃၊ စောဟံတာသာမွေး ၁၉၅၃ မှ ၁၉၆၃၊ မန်းဘဇံ ၁၉၆၃ မှ ၁၉၇၅၊ စောဘိုမြ ၁၉၇၆ မှ ၂၀၀၀၊ စောဘသင်စိန် ၂၀၀၀ မှ ၂၀၀၈၊ စောတာမလာဘော ၂၀၀၈ မှ ၂၀၁၂၊ စောမူတူးစေးဖိုးကတော့ ၂၀၁၂ မှ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

1 week Ago
Up