close

ကေအန်ယူ တိုက်ပွဲ

close

December 23, 2021

တောင်ငူခရိုင်တွင် စစ်ကောင်စီတပ်နှင့် ကေအန်ယူ တိုက်ပွဲဖြစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကေအန်ယူ တပ်မဟာ ၂ ထိန်းချုပ်နယ်မြေ၊ ထန်းတပင်မြို့နယ်၊ လေးလုံးပင်ကျေးရွာအနီးမှာ KNLA အထူးလုံခြုံရေးတပ်၊ LPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီရဲ့ ခမရ ၅၇ တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၂ ရက် နေ့လယ်လောက်ကတည်းက  စစ်ကောင်စီတပ်ဘက်က နယ်မြေကျူးကျော် ဝင်ရောက်လာပြီး စစ်ရေးလှုပ်ရှားလာတာကြောင့်  ထပ်မံတိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

လေးလုံးပင်ကျေးရွာသား တစ်ဦးက "တိုက်ပွဲ​ဖြစ်တာ ဟုတ်တယ်။ သေဆုံး ဒဏ်ရာရသူတော့ မသိရသေးဘူး။ စစ်တပ်က နယ်မြေကျော်လာလို့ ဖြစ်တာ။ မနေ့ကလည်းဖြစ်တယ်။ စစ်တပ်က သေဆုံး ဒဏ်ရာရတာတွေရှိတယ်။” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိမရှိအသေးစိတ် မသိရှိရသေးဘူးလို့ ကေအန်ယူ သတင်းရင်းမြစ်က ဆိုပါတယ်။

တပ်မဟာ ၂ ​ တောင်ငူခရိုင် ဥက္ကဋ္ဌကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဘာမှမသိရသေးဘူးလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ  ၂ နာရီလောက်ကလည်း ထန်းတပင်မြို့နယ် ကစယ်ဒိုတောင်ခြေအထိ နယ်မြေကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့တပ် အင်အား ၁၀၀ နီးပါးနဲ့ KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၆ တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးတယ်လို့ ကေအန်ယူထံက သိရပါတယ်။

ကေအန်ယူတာဝန်ရှိသူတစ်ဦးက "ရှားစေးဘိုကျေးရွာက သူတို့စခန်းအထိပဲသွားလာဖို့ သဘောတူ ခွင့်ပြုခဲ့တယ်။ ကစယ်ဒိုတောင်ခြေအထိ နယ်ကျော်လာတဲ့အတွက် တိုက်ပွဲဖြစ်ရတာ။ သူတို့နယ်ကျော်မဝင်လာရင် တိုက်ပွဲဖြစ်စရာအကြောင်းမရှိဘူး"လို့ ဆိုပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာလည်း  ကေအန်ယူပူးပေါင်းတပ်တွေနဲ့  စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး နှစ်ဘက် ထိခိုက်သေဆုံး ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။ 

Photo-KNLA

53 seconds Ago
Up