close

ကေအိုင်အို ထိန်းချုပ်နယ်မြေ

close

July 20, 2021

ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ဘာသာရေးနှင့်စာသင်ကျောင်းများ ဆက်ပိတ်ရန် ညွှန်ကြား

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)  ထိန်းချုပ်နယ်မြေအတွင်းရှိ ဘာသာရေး၀တ်ပြုကျောင်းတွေ၊ စာသင် ကျောင်းတွေကို  ဆက်ပိတ်ထားဖို့ KIO ဗဟိုကိုဗစ်ကာကွယ်ရေးကော်မတီက ဇူလိုင် ၁၈ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

ကိုဗစ်တတိယလှိုင်းကာလ ကူးစက်ပျံ့နှံ့မှုမရှိစေဘဲ ကြိုတင်ကာကွယ်နိုင်ဖို့ ကေအိုင်အို ဌာနချုပ် လိုင်ဇာ အပါအ၀င် အရှေ့ပိုင်းတိုင်း နယ်မြေအတွင်းရှိ သင်ကြားရေးကျောင်းအမျိုးမျိုး၊ ဘာသာရေး၀တ်ပြုကျောင်းတွေနဲ့ လူအများစုဝေးပြုလုပ်တာတွေကို ဇူလိုင် ၁၈ ရက်နေ့မှစ ဆက်ပိတ်ထားဖို့ ဗဟိုကိုဗစ်ကာကွယ်ရေးကော်မတီမှ ညွှန်ကြားလိုက်တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့ကလည်း မိုင်ဂျာယာန်အတွင်းရှိ‌ ကျောင်းတွေ တစ်ပတ်ပိတ်ဖို့ ညွှန်ကြားခဲ့ဖူးတာဖြစ်ပါတယ်။

စစ်ကောင်စီအုပ်ချုပ်တဲ့ ချီဖွေမြို့မှာ ပိုးစတင်တွေ့ရှိပြီး‌နောက် မေခမြစ်တဘက်ကမ်း KIO ထိန်းချုပ်နယ်မြေအတွင်း ကူးစက်မှုမရှိလာစေဖို့ ဇူလိုင် ၁၄ ရက်နေ့မှစတင်ကာ ချီဖွေ လောခေါင် နယ်မြေအတွင်း သွားလာနေကြတဲ့ ခရီးသွား ဒေသခံပြည်သူတွေကို KIO က ကိုဗစ်ရောဂါစစ်ဆေးတာတွေ ပြုလုပ်‌ပေးနေပြီး အ၀င်ပေါက်တွေကိုလည်း ယာယီပိတ်ထားလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇူလိူင် ၁၉ ရက်နေ့အထိ ကေအိုင်အိုထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်မှာ ပိုးတွေ့အတည်ပြုလူနာ ၃၀၀ ကျော်အထိရှိလာခဲ့ပြီး ဌာနချုပ်လိုင်ဇာ ကွာရန်တင်းစင်တာမှာလည်း ၆ ဦး ထပ်မံတွေ့ရှိတယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။

ပုံ - kachin net

4 mins Ago

July 11, 2021

ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန်တွင် ကိုဗစ်-၁၉ ပိုးတွေ့

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ်အနီးက မိုင်ဂျာယာန်ကျောင်းတွေမှာ ကိုဗစ်-၁၉ ပိုးကူးစက်မှုတွေ့ရတယ်လို့ ကေအိုင်အို ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဇူလိုင် ၁၁ ရက်က ရေးသား ဖော်ပြထားပါတယ်။

မိုင်ဂျာယာန်ကျောင်းတွေမှာ ကိုဗစ်ပိုးတွေ့ရတဲ့အတွက် သက်ဆိုင်ရာက လိုအပ်တာတွေကို တာဝန်ယူ လုပ်ဆောင်နေတယ်လို့လည်း ကျောင်းသားမိဘတွေကို အသိပေးစာအဖြစ်ဖော်ပြထားတာပါ။

အဆိုပါ ကျောင်းက ကျောင်းသူကျောင်းသား ဘယ်နှယောက်မှာ တွေ့ရတယ်ဆိုတာတော့ ဖော်ပြထားခြင်း မရှိပါဘူး။ 

မိုင်ဂျာယာန်မှာ ကိုဗစ်‌ပိုးတွေ့ရတယ်ဆိုပေမယ့် လိုင်ဇာမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမတွေ့ရသေးဘူးလို့လည်း ဆိုပါတယ်။

လက်ရှိအချိန်ထိ  ကေအိုင်အို အုပ်ချုပ်ရာဒေသတွင်း လူပေါင်း ၂၂၈၄၀ ကို ကာကွယ်ဆေးထိုးပြီးသွားပြီဖြစ်ပြီး ဆက်လက်ထိုးနှံပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိမှာ ကေအိုင်အို  ထိန်းချုပ်ရာနယ်မြေများအတွင်း အဝင်အထွက်အားလုံး ပိတ်ထားတယ်လို့ သိရှိရပါတယ်။

1 week Ago
Up