close

ကေအိုင်အို

close

March 19, 2023

ဂျေယန်စစ်ရှောင်စခန်း မီးလောင်၊ စစ်ရှောင်နေအိမ် ၄၀ ကျော် ဆုံးရှုံး

ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ရာဒေသ လိုင်ဇာမြို့အနီးက ဂျေယန် စစ်ရှောင်စခန်းမှာ မတ် ၁၉ ရက် ညနေ ၃ နာရီဝန်းကျင်လောက်မှာ ထမင်းဟင်းချက်ရာကနေတဆင့် လျှပ်စစ်ရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားကာ လူနေအိမ် ၄၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ရှောင်စခန်းမှာနေထိုင်သူတဦးက ပြောပါတယ်။

“မီးလောင်တာက ညနေ ၃ နာရီလောက်ဖြစ်မယ်။ ကလေးမလေးက လျှပ်စစ်နဲ့ ဟင်းချက်နေတာကနေ လျှော့ဖြစ်ပြီး မီးစလောင်လာတာ။ အဲတာကနေစပြီးတော့ အိမ်တွေ အကုန်ကူးသွားတာ၊ အိမ်တွေက ကပ်နေတော့၊ အိမ်ကတော့ ၄၀ ကျော်မယ် အတိအကျတော့ မသိရသေးဘူး။” 

မီးလောင်ကျွမ်းနေတာကို စခန်းက ပြည်သူတွေနဲ့ မီးသတ်ဌာနက မီးသတ်ကားနှစ်စီး ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီး တခြားကို မကူးစက်အောင်ကြိုးစား ငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်အထိ မီးလောင်ကျွမ်းသွားတဲ့ နေအိမ် ၄၀ ကျော်က ပြည်သူ ၂၀၀ ဝန်းကျင်ကို ဒေသအာဏာပိုင်တွေအကူအညီနဲ့ နေရာချထားပေးတယ်လို့ စခန်းမှာ နေထိုင်သူတဦးက ပြောပါတယ်။

မီးလောင်ကျွမ်းတဲ့နေရာဟာ စခန်း အဝင်ဘက်က ရပ်ကွက် (6/B) မှာဖြစ်ပြီး စစ်ရှောင်စခန်းမှာ ရပ်ကွက် ၇ ခု ရှိတယ်လို့ သိရပါတယ်။

ဂျေယန်စစ်ရှောင်စခန်းဟာ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်းကနေ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူအများအပြား နေထိုင်နေတဲ့ စခန်းကြီးဖြစ်ပါတယ်။

9 hours Ago

February 27, 2023

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ပထမအကြိမ်ဘွဲ့နှင်းသဘင် လိုင်ဇာမြို့တွင်ကျင်းပ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်စဥ်ကြောင့် စစ်ကျွန်ပညာသင်ကြားရေးကို တော်လှန်ဖီဆန်ဖို့ သင်ယူမှုတွေကို ရပ်တန့်ခဲ့တဲ့ CDM ကျောင်းသားတွေအတွက် ပညာဆက်လက်သင်ကြားနိုင်ဖို့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်က စတင်ဖွင့်လှစ် သင်ကြားပေးခဲ့တဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (Kachin State Comprehensive University (KSCU) ရဲ့ ပထမဆုံး ဘွဲနှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်က ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ် လိုင်ဇာမြို့မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ မြန်မာစာ၊ ဓာတုဗေဒ၊ အင်္ဂလိပ်၊ စိတ်ပညာ၊ ပထဝီ၊ ဥပဒေ၊ စီးပွားရေး၊ သမိုင်းနဲ့ ဒဿနိကဗေဒ ဘာသာရပ်တွေမှာ နောက်ဆုံးနှစ်သင်တန်းကို လေ့လာခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသား ၆၃ ယောက်ကို ဘွဲ့အပ်နှင်းခဲ့ပြီး အမြင့်ဆုံးဘွဲ့အဖြစ် မဟာဝိဇ္ဇာဘွဲ့ကိုလည်း မြန်မာဘာသာရပ်မှာ ချီးမြှင့်ခဲ့ပါတယ်။

ဘွဲ့ရမောင်မယ်တွေထဲမှာ အွန်လိုင်းအခြေပြု သင်ကြားရေးကနေတဆင့် တက်ရောက်သင်ကြားခဲ့တဲ့ CDM ကျောင်းသားတွေလည်း ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

KSCU ရဲ့ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့အတူ ဒုတိယဝန်ကြီး ဒေါ်ဂျာထွယ်ပန် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ 

ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက zoom အွန်လိုင်း ဗွီဒီယိုကနေတဆင့် ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားရာမှာ “KSCU ဟာ ကျနော်တို့ တော်လှန်ရေးအတွက် လိုအပ်ချက်အရ ထွက်ပေါ်လာတဲ့ တက္ကသိုလ်ကျောင်းတခု ဖြစ်ပါတယ်။ ကချင်ဒေသ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေတဲ့ တက္ကသိုလ်တခု ဖြစ်ပါတယ်။ ကျနော်တို့အားလုံးသွားချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမှာ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးရဲ့ ခြေလှမ်းအစဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

တက္ကသိုလ် အဓိပတိဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ (ကေအိုင်စီ) ဒုဥက္ကဋ္ဌ-၁ ဒုဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်က ဘွဲ့ရမောင်မယ်တွေကို ဘွဲ့လက်မှတ်ပေးအပ်ခဲ့ပြီး ဘွဲနှင်းသဘင် မိန့်ခွန်းမှာတော့ “ကျနော်တို့ နိုင်ငံသားတွေအနေနဲ့ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ခွင့်အတွက် ကြိုးစားနေကြရဆဲဖြစ်ပြီး တော်လှန်ရေးအလွန် ပြန်လည်ထူထောင်ရေးကာလတွေမှာ ဘွဲ့ရမောင်မယ်တွေက မိမိတို့ရဲ့ အရည်အသွေး၊ ကြံ့ခိုင်တဲ့ စိတ်ဓာတ်များဖြင့် ပါဝင်ပြီး မိခင်တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ဖို့ ကြိုးစားကြရမယ်” လို့ ဘွဲ့ရမောင်မယ်တွေကို တိုက်တွန်းမှာကြားခဲ့ပါတယ်။

အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ သက်ဆိုင်ရာ ဘာသာရပ်များရဲ့ နေ့သင်တန်း နောက်ဆုံးနှစ်ကို အောင်မြင်ပြီးဆုံးခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၆၃ ဦးနဲ့ အဝေးရောက်ဘွဲ့ ၁ ဦးကို ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

3 weeks Ago
Up