ကချင်ပြည်နယ်၊ မံစီမြို့နယ်ထဲမှာ ဇန်နဝါရီ ၂၅ ရက်က လမ်းတူးဖော်ပြီး ဝင်လာတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ကချင်လွတ်မြောက်ရေးတပ်တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း(၂၇) ထိန်းချုပ်ဒေသ၊ ကထန်ကောင်းရွာနဲ့ ကိုင်ထိတ်ရွာအကြားက ဇော်ဘွန်အူရားဘွမ်ရွာမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ဖက် ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
ဘလောင်ဒိန်ဆာမှာ ရောက်နေတဲ့ ခလရ(၂၂၃)က အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက ကထန်ကောင်ကနေ ကိုင်ထိတ်ကိုသွားဖို့ ဇောင်ဘုန်အူရားရွာကနေ မြေတူးကားတွေနဲ့ လမ်းဖောက်လုပ်ပြီး စစ်ကြောင်းတက်လာတာကို ကေအိုင်အေတပ်သားတွေက ဟန့်တားတိုက်ခိုက်ခဲ့ရာက နေ့လယ် ၂ နာရီလောက်ကနေ ညနေ ၅ နာရီအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအပြီး စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာသွားခဲ့ကာ ကထန်ကောင်နဲ့ ဇောင်ဘုန်ရွာကြား နေရာယူထားခဲ့ခဲ့ပါတယ်။ ဇန်နဝါရီ ၂၆ ရက် ၁၀ နာရီနောက်ပိုင်းမှာတော့ ဘေးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ ပစ်ခတ်လို့ တိုက်ပွဲတွေပြန်လည်ပြင်းထန်လာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခလရ(၂၂၃) တပ်တွေဟာ ဂေါက်ငူယန်ရွာနဲ့ ဘန်ဂေါ်ရွာပတ်ဝန်းကျင်တွေမှာ လှုပ်ရှားနေတဲ့ တပ်ဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်ကလည်း မုန်နမ်မဇွပ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲမှာ ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ဒီကနေ့မနက်က တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
ကေအိုင်အေတပ်ဖွဲ့ဝင်တွေရှိရာ အာလောဘွမ်တောင်ကုန်းတောင်တန်းဘက်ကို စစ်ကောင်စီ ဘက်က လေကြောင်းကနေရော၊ မိုးမောက်၊ ဗန်းမော်အခြေစိုက်စစ်စခန်းနဲ့ သူတို့ရောက်ရှိတဲ့ ရွာထဲကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာကို ကြားနေရတယ်လို့ မိုးမောက်မြို့နယ် ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းကျော်သီဟက ဒီဗွီဘီကို ပြောပါတယ်။
“ပစ်ခတ်သံတွေက မိုးမောက်ကနေကြားနေရပါတယ်ခင်ဗျ၊ ဗန်းမော်ကနေလည်း ကြားရတယ်၊ မနေ့ညရော ဒီကနေ့ရော ပစ်နေကြတာပါပဲ၊ ဖြစ်တာက ခါတိုင်းနေရာတွေမှာပါပဲ၊ ကေအိုင်အေတွေက ကုန်းလော၊ စီဟတ်၊ မြို့သစ်ရွာအရှေ့ဘက်တောင်ကြောတလျှောက်မှာ၊ မြန်မာတပ်ကတော့ သူတို့ကို ဗန်းမော်၊ မိုးမောက်က စစ်စခန်းတွေ ကနေ လှမ်းပစ်တယ်၊ နောက်ပြီး ရွာထဲကနေပြီးတော့လည်း ပစ်တာဘဲ၊ လေယာဉ်ပျံဝဲနေတာလည်းတွေ့ပါတယ်၊ လက်နက်ကျည်က ရွာထဲထပ်ကျတယ်၊ ရွာသားတွေက တော့အကုန်ထွက်ပြေးနေလို့ အထိခိုက်မရှိဘူး၊ အိမ်တွေတော်တော်များများတော့ ပျက်စီးတယ်လို့ ခုနက ရွာပြန်ပြီးပစ္စည်းသိမ်းတဲ့လူပြောပြတယ်၊ ပစ်ခတ်နေလို့ စာရင်းကောက်လို့မရဘူး၊ အရင်နေ့တွေရောပါရင် အိမ်အလုံး ၁၀၀ ကျော်ရှိမယ် ”
အခုလို ပစ်ခတ်မှုတွေ နေ့စဉ်မပြတ်ရှိနေတာကြောင့် ရင့်မှည့်နေတဲ့ ပြောင်းဖူး၊ မြေပဲ၊ သခွါး နဲ့ ဖရဲသီးတွေ မရိတ်သိမ်းနိုင်တော့ကြောင်း ၊ အဆိုပါစိုက်ခင်းတွေဟာ ကုန်းလော၊ စီဟတ်၊ မြို့သစ်၊ ကုန်းပေါင်းစတဲ့ ရွာသားပိုင်တွေဖြစ်ပြီး ဧကပေါင်း ၁၀၀၀ ကျော်တယ်လို့ သူကဆက်ပြောပါတယ်။
မိုးမောက်မြို့နယ်ထဲက တိုက်ပွဲကြောင့် ဧပြီ ၁၀ ရက်မှ မေလ ၃ ရက်နေ့အတွင်း လက်နက်ကြီးကျည်သင့်ကာ သံဃာတော် ၁ ပါးပျံလွန်ပြီး ပြည်သူ ၆ ဦး သေဆုံးခဲ့ရပါတယ်။ ဒဏ်ရရှိသူ ၄ ဦးလည်း ခုထိဆေးရုံမှာရှိနေပါတယ်။
တစ်လကျော်ကြာ ရက်ပေါင်းရှည်ကြာတိုက်ပွဲဖြစ်နေတာကောင့် မိုးမောက်မြို့နယ် ရွာပေါင်း ၁၀ ကျော်က ပြည်သူ ၅၀၀၀ ကျော်ဟာ ဗန်းမော်မြို့နဲ့ အခြား ဘေးလွတ်ရာဒေသကို တိမ်းရှောင်နေရပြီး စားရေးသောက်ရေးနဲ့ နေထိုင်ရေးအခက်အခဲတွေလည်း ရှိနေပါတယ်။