close

ကေအိုင်အေ တပ်ရင်း ၉ ဌာနချုပ်

close

February 15, 2023

ကေအိုင်အေ တပ်ရင်း ၉ ဌာနချုပ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊  ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်မဟာ-၆၊ တပ်ရင်း-၉ ဌာနချုပ်ရှိရာဘက်ကို ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကေအိုင်အေရှေ့တန်း သတင်းရင်းမြစ်ကနေ သိရပါတယ်။

စစ်ကောင်စီတပ်မ ၉၉ နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေနဲ့ ကေအိုင်အေ တပ်မဟာ-၄၊ တပ်ရင်း-၉ တို့အကြား ကေအိုင်အေ တပ်ရင်း-၉ ဌာနချုပ်ဘက်မှာ မနေ့ကတည်းက စစ်ကြောင်းထိုး တိုက်ခိုက်နေတာဖြစ်ကြောင်း ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။

“မနေ့က တိုက်ပွဲက ၅ ကြိမ်ဖြစ်တယ်။ ဒီနေ့က မနက် ၇ နာရီကနေ တိုက်ပွဲပြင်းထန်နေတာ ခုထိပဲ။”

စစ်မျက်နှာ သုံးဘက်ကနေ ခြေလျင်စစ်ကြောင်းထိုး တိုက်နေတဲ့အပြင် ဂျက်လေယာဉ်နဲ့ ဒီနေ့ မနက် ၁၁ နာရီ မိနစ် ၄၀ လောက်က တကြိမ်၊ ၁၂ နာရီ ၁၃ မိနစ်လောက်က  တကြိမ်၊ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်လောက်က တကြိမ် စုစုပေါင်း သုံးကြိမ်ရှိပြီလို့ ဆိုပါတယ်။

“ဒီနေ့လည်း အဆက်မပြတ် တိုက်ပွဲဖြစ်နေတယ်။ ရွာဘက်တော့ ဘာမှမဖြစ်ဘူး” လို့ ဒေသခံ အမျိုးသားတဦးကလည်း ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် မနက်က ဆိုင်ဝမ်ကုန်း၊ နားဖိုင်ရွာဘက်၊ ခိုမုန်းရွာ အနီးဘက်နဲ့ ညပိုင်းမှာတော့ နမ့်အွမ်ရွာအနီးမှာ လက်နက်ကြီး၊ လက်နက်ငယ်အပြင် ဒရုန်းနှစ်စီးနဲ့ပါ ပစ်ခတ် တိုက်ပွဲပြင်းထန်ခဲ့သလို ကွတ်ခိုင်ဘက်ကလည်း စစ်ကောင်စီဘက်က လက်နက်ကြီး သုံးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေက တိုက်ပွဲပြင်းထန်လာမှာ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်ကလည်း ယောင်ဘန်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်မ ၉၉၊ အင်အား ၄၀ လောက်ကို ကေအိုင်အေဘက်က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တပ်ရင်း-၉ အနီး တာဂွိုင်ကုန်းမှာ တိုက်ပွဲပြင်းထန်ခဲ့လို့ ည ၆ နာရီလောက်ကစပြီး ကောင်ရာ စစ်ကောင်စီတပ်ကနေ ကောင်းဆတ်တောင်ကြောတလျှောက်ဘက် လက်နက်ကြီးတွေ ပစ်ကူနေခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်ကလည်း ခြေလျင်အပြင် ကားနဲ့ပါ ကေအိုင်အေ တပ်ရင်း-၉ ဘက် ရိက္ခာနဲ့ အင်အားထပ်ဖြည့် စစ်ကြောင်းထိုးလာတဲ့ တပ်မ ၉၉ နဲ့ ကေအိုင်အေ တပ်မဟာ-၄၊ တပ်ရင်း-၈ တို့အကြား ကွတ်ခိုင်-သိန္နီကြား ၃၈ မိုင် မန်ပြိန်းအနီးက ကောင်းခမ်းရွာ၊ လွယ်ဆမ်ဆစ်တောင်နားက နမ့်ပါချီးရွာအနီးတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့သလို နမ့်ဖလွန်ရွာတောင်ဘက်မှာလည်း ကေအိုင်အေ တပ်မဟာ-၆ တပ်ရင်း-၉ နဲ့ စစ်ကောင်စီ ခလရ ၄၅ တို့အကြား တိုက်ပွဲဖြစ်ပွားလို့ အရပ်သားတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

49 seconds Ago
Up