close

ကောက်ကြီးစပါး

close

November 9, 2021

ကောက်ကြီးစပါး တရုတ်ဘက်က အဝယ်မရှိသဖြင့် မိုးမိတ်တောင်သူများ အရှုံးပေါ်

မြေသြဇာစျေး နှစ်ဆတက်တာ၊ တရုတ်ဘက် တင်ပို့လို့မရတဲ့အပြင် အဝယ်မရှိတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ အခုနှစ် ကောက်ကြီးစပါးရိတ်ချိန် တောင်သူတွေအနေနဲ့ စျေးကောင်းမရဘဲ အရှုံးပေါ်နေတယ်လို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။

တောင်သူတစ်ဦးက “အခုက စပါးအသစ် တစ်တင်းကို ၅၅၀၀ နဲ့ ၆၀၀၀ ပဲစျေးရတယ်၊ ဒါတောင်ဝယ်မယ့်သူမရှိဘူး။ စပါးတွေကို မ​ရောင်းဘဲ စုထားလို့ရပေမယ့် ချေးငွေယူပြီး စိုက်ထားရတဲ့ ​တောင်သူတွေအတွက်တော့ အရှုံးပေါ်တယ်” လို့ ပြောပါတယ်။

ကောက်ကြီးစပါးတွေ ရိတ်ချိန်ရောက်နေပြီး ဝယ်လက်မရှိတာကြောင့် စပါးစိုက်ဖို့ ချေးငွေယူထားရတဲ့ တောင်သူတွေအတွက် ရတဲ့စျေးနဲ့ အရှုံးခံရောင်းရမယ်လို့ ဆန်ကုန်သည်တဦးက ပြောပါတယ်။

“အခုနှစ်က စပါးစိုက်တာ မြေသြဇာစျေးတွေကလည်း နှစ်ဆလောက်တက်တယ်။ အရင်က တရုတ်ဘက်က ဝယ်လက်ရှိတော့ စပါးသစ်က စျေးရတယ်။ အခုက စပါးအဟောင်းတောင် တစ်တင်းကို ၉၀၀၀ စျေးပဲရတာ၊ စပါးအသစ်စျေးက ထပ်ကျနိုင်တယ်။” 

တောင်သူတွေအနေနဲ့ အခုနှစ်မှာ ​မြေသြဇာစျေးတွေကို နှစ်ဆပေးဝယ်ရတဲ့အပြင် စပါးစျေးလည်း စျေးကောင်းမရတာကြောင့် အရှုံးပေါ်နေတာလို့ တောင်သူတွေက ပြောပါတယ်။ မိုးမိတ်မြို့က တောင်သူအားလုံးလိုလို ကောက်ကြီးစပါး စိုက်ပျိုးထားကြတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဘက်ကနေ ကုန်သွယ်မှုတွေကို ရပ်ဆိုင်းထားပြီး ကုန်သွယ်ရေးဂိတ်ပေါက်တွေကိုပါ ပိတ်ထားတာ လအတော်ကြာပြီလို့ သိရပါတယ်။

2 mins Ago
Up