မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကောက်ရိုးပုံကျေးရွာက နေအိမ်တချို့ကို စစ်ကောင်စီတပ်တွေက မီးထပ်ရှို့ခဲ့တယ်လို့ မတ္တရာမြို့ခံတွေဆီက သိရပါတယ်။
ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၁၀ နာရီခွဲလောက် နေအိမ်တစ်လုံးကို မီးရှို့ခဲ့ပြီး ည ၁၂ နာရီကျော်မှာ နောက်ထပ်နေအိမ်တစ်လုံးကို မီးထပ်ရှို့ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မီးရှို့ခံရတဲ့နေအိမ်တွေဟာ NLD ပါတီထောက်ခံသူတွေရဲ့ နေအိမ်တွေ ဖြစ်တယ်လို့လည်း သိရပြီး ကောက်ရိုးပုံ ကျေးရွာနေပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ကျေးရွာက စစ်ကောင်စီအားပေး ဒလန်တစ်ဦးရဲ့ နေအိမ် မီးရှို့ခံခဲ့ရပြီးတဲ့နောက် ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကျေးရွာနေအိမ် လေးလုံးကို စစ်ကောင်စီဘက်က မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လယ်ပိုင်း ကောက်ရိုးပုံကျေးရွာနေ ဒလန်ဆိုပြီး ကျော်ဇောသူ ၃ ဦး သတ်ဖြတ်ခံခဲ့ရတဲ့အတွက် ကျေးရွာနေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်တွေက မီးထပ်ရှို့ခဲ့တာလည်း ဖြစ်ပါတယ်။
photo- ယခင်ရက်က မီးရှို့ခံခဲ့ရသောပုံများ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကောက်ရိုးပုံကျေးရွာက နေအိမ်တချို့ကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ မတ္တရာမြို့နယ် မြွေတလိုင်းရွာကနေ တဆင့် ကောက်ရိုးပုံရွာအထိတက်ခဲ့ကြပြီး ကောက်ရိုးပုံရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီနေ့ညနေ နေဝင်ချိန်မှာ သေနတ်နဲ့ အချက် ၂၀ လောက် ပစ်ဖောက်ခဲ့ကြပြီး ည ၂ နာရီ နောက်ပိုင်းမှာ နေအိမ်သုံးလုံးကိုမီးရှို့ခဲ့ပြီး အခြားနေအိမ် တစ်လုံးကိုပါ ကူးစက်ကာ လေးလုံး လောင်ကျွမ်းပြာကျသွားတယ်လို့ သိရပါတယ်။
"၁၀ ရက်နေ့လောက်ကတော့ ဒလန်အိမ်ကိုတော့ မီးလောင်ထားတာတော့ရှိတယ်။ အဲ့ဒါကလည်း ဘယ်အဖွဲ့အစည်းက ရှို့တာရယ်လို့ ကျနော်တို့လည်း မသိဘူး။ အဲ့ဒါနဲ့ချိတ်ဆက်ပြီးတော့ သူတို့လုပ်တာလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့၊ တိတိကျကျတော့ ကျနော်တို့လည်း မသိဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့ညပိုင်းက ကောက်ရိုးပုံကျေးရွာမှာ PDF တွေကို ရိုင်းစိုင်းစွာဆဲဆိုစိန်ခေါ်ခဲ့တဲ့ စစ်ကောင်စီသတင်းပေး တိုးဆောင်ရဲ့ နေအိမ် မီးရှို့ခံခဲ့ရပြီး ဘယ်အဖွဲ့က ရှို့မှန်း မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အိမ်တွေကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်တွေကတော့ မနက်ငါးနာရီလောက်ကတည်းက ရွာကနေ ထွက်ခွာသွားပြီး မြွေပုံကန်ရွာ ဘုန်းကြီးကျောင်းမှာ ဒီကနေ့ နေ့လယ်ထိ တပ်စွဲနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ CJ