close

ကောင်းကင်ဘုံတိမ်တိုက်

close

March 12, 2022

ထိုင်းမင်းသမီးတိုင်မို၏ ဈာပနကို ကောင်းကင်ဘုံတိမ်တိုက်များပုံစံ ပန်းအလှဆင် ကျင်းပ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ နွန်ထပူရီခရိုင် ကျောက်ဖရားမြစ်ထဲမှာ လှေစီးရင်းပြုတ်ကျ သေဆုံးသွားခဲ့တဲ့ ထိုင်းသရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါး အသက် ၃၇ နှစ်ရဲ့ ဈာပနနဲ့ အောက်မေ့ဘွယ် အခမ်းအနားကို ဘန်ကောက် ဆဖန်းဆုန်နယ်မြေရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ မတ်လ ၁၁ ရက်မှ ၁၃ ရက်ထိ ကျင်းပနေပါတယ်။ 

ကွယ်လွန်သူအတွက်ရည်စူးတဲ့ ဝတ်ပြုဆုတောင်းပွဲကို နေ့စဉ် ညနေ ၆ နာရီခွဲမှ ၈ နာရီခွဲထိ ကျင်းပပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်တဲ့အနေနဲ့ လူဦးရေကန့်သတ်လက်ခံရတာကြောင့် လာရောက်လိုပါက အွန်လိုင်းကနေတဆင့် ကြိုတင်အမည်စာရင်းပေးသွင်းထားရပါတယ်။ 

အခမ်းအနားမှာ တစ်နေ့လျှင်လူဦးရေ ၁၀၀၀ သာလက်ခံပြီး ၃ ရက်လုံးအတွက် ထိုင်ခုံပြည့်သွားပြီဖြစ်ပေမဲ့ အခမ်းအနားကို အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပေးနေမှာမို့ ဖေ့စ်ဘွတ်ခ် : church of joy နဲ့ youtube : cjconnect မှာ ပါဝင်ကြည့်ရှုဆုတောင်းပေးနိုင်တယ်လို့ ပွဲစီစဉ်တဲ့ဘက်က ကြေညာထားပါတယ်။ 

အခမ်းအနားလာရောက်သူတွေအနေနဲ့ အဖြူ၊ ပန်းရောင်၊ လိမ္မော်နုရောင်ဝတ်ဆင်ဖို့ ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးကြောင်း သက်သေပြရမယ့်အပြင် ATK ကိရိယာနဲ့ ကိုဗစ် ထပ်အ စစ်ခံကာ Mask နှစ်ထပ်တပ်ဖို့ ၊ အခမ်းအနားမှာ ရေနဲ့ အစားအစာ ဘာမှကျွေးမွေးမှာမဟုတ်ဘဲ အပြန်မှ ဘူးနဲ့ဝေပေးမှာဖြစ်ကြောင်း၊ အခမ်းအနားထဲရှိနေသမျှ  Mask မချွတ်ဖို့ စတဲ့စည်းကမ်းတွေ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

အခမ်းအနားကုန်ကျစရိတ်အားလုံးကို ရုပ်ရှင်မင်းသမီး အမ့်ဖတ်ချရားဖားက ပင်တိုင်အလှူရှင်လုပ်ကာ ရင်းနှီးသူတချို့ပါ ပါဝင်ကုန်ကျခံကြောင်း ၊ မင်းသမီးတိုင်မိုဟာ အလှအပ မက်မောသူဖြစ်တာကြောင့် ဈာပနအခမ်းအနားကိုလည်း သူနှစ်သက်တဲ့ပန်းအရောင်တွေနဲ့ ကောင်းကင်ဘုံတိမ်တွေထဲမှာ စံနေသလို ဆင်ယင်ထားကြောင်း ၊  သဘောကတော့ တိုင်မိုကို နတ်ဘုံသို့ပို့ဆောင်ပေးခြင်းလို့ အဓိပ္ပါယ်ရတယ်လို့ ပွဲစီစဉ်သူက သတင်းထောက်တွေကို ပြောပါတယ်။

အခမ်းအနားမှာ တိုင်မိုရဲ့ ခေါင်းတလားတော့ မရှိပါဘူး။ 

အလောင်းက လက်ရှိ မှုခင်းဆေးသိပ္ပံဓာတ်ခွဲခန်းမှာဘဲ ရှိနေပြီး မျက်နှာကလည်း မိတ်ကပ်လိမ်းလို့ မရလောက်အောင်ကို အရေပြားတွေ ပျက်စီးနေတာကြောင့်  အလောင်းပြင်ပေးလို့ မရ၊ ပြင်ရင်လည်း အခေါင်းကို မဖွင့်ရဘူးလို့ ဆေးရုံကပြောတာကြောင့် ဓာတ်ပုံတွေနဲ့သာ ဆင်ယင်ကျင်းပနေတာဖြစ်ပါတယ်။ 

တိုင်မိုရဲ့ နောက်ဆုံးချစ်သူရည်းစား ဘတ်ဒ်ကတော့ အခမ်းအနားစပြီးပြင်ဆင်ကတည်းက နေ့စဉ်လာရောက်ကူညီလုပ်ကိုင်နေတာကို တွေ့ရပါတယ်။ 

ဈာပနပထမဆုံးနေ့မှာ ပန်းပွင့်တွေ ခြံရံထားတဲ့ လက်စွပ်တစ်ကွင်းကို တိုင်မိုရဲ့ရုပ်ပုံရှေ့မှာ ချထား ပေးပြီး ငါတို့ လက်ထပ်ပြီးပြီနော်လို့ ပြောဆိုခဲ့ပါတယ်။ 

လက်စွပ်ဟာ သူတို့ လက်ထပ်ဖို့အတွက် ရည်စူးပြီး ဒီမတိုင်ခင်ကတည်းက ပန်းတိမ်ဆိုင်မှာ ကြိုအပ်ထားခဲ့တာလို့ ဘတ်ဒ်ကိုယ်စား တိုင်မိုရဲ့သူငယ်ချင်းက သတင်းထောက်တွေကို ပြောပါတယ်။ 

ဘတ်ဒ်ကတော့ သတင်းထောက်တွေကို လက်အုပ်ချီ နှုတ်ဆက်ရုံဘဲ လုပ်ပြီး ဘယ်သူ့ကိုမှ အင်တာဗျူး ဖြေကြားခြင်း မရှိပါဘူး။ 

တိုင်မိုရဲ့ ကိုယ်ရံတော်ကသစ်နဲ့ စပိဘုတ်ပေါ်က အဖော်တွေလည်း လွမ်းသူ့ပန်းစည်းတွေ လာချ ထားပြီး အခမ်းအနားမတိုင်ခင် စောစောစီးစီးပြန်သွားကြသလို သတင်းထောက်တွေကိုလည်း ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ 

ကသစ်ကတော့ တိုင်မိုရဲ့ ရုပ်ပုံရှေ့မှာ ၁၅ မိနစ်ခန့် ထိုင်ကာ ငိုကြွေးခဲ့ပြီး တိုင်မိုကို ကောင်းစွာ စောင့်ရှောက်နိုင်ခြင်း မရှိလို့ ခုလိုဖြစ်သွားရတဲ့အပေါ် ခွင့်လွှတ်ပေးဖို့ ရေးထားတဲ့ စာကို ပန်းစည်းနဲ့အတူ ချသွားပါတယ်။ 

တိုင်မိုရဲ့ မိခင် နန်းဖနိဒါးကတော့ လှေပိုင်ရှင်ပေါနဲ့ လှေမောင်းသူ ရောဘတ်တို့ကို ဖက်လှဲ တကင်းကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။ 

အခမ်းအနားမှာ သမီးဖြစ်သူရဲ့ အတ္ထုပတ္တိအကျဉ်းကို ဖတ်ကြားရမှာဖြစ်ပေမဲ့ မခံစားနိုင်လို့ဆိုပြီး အဆုံးထိ မဖတ်ဘဲ တဝက်တပျက်နဲ့ ရပ်ခဲ့ပါတယ်။ 

တိုင်မိုရဲ့ အပေါင်းအသင်းသူငယ်ချင်းတော်တော်များများက အသုဘအကူငွေကို သူ့မိခင်ထံ မပေးဖို့ တိုင်ပင်ထားပြီး တိုင်မိုအတွက်ရည်စူးကာ တခြားတနေရာမှာအလှူလုပ်ပစ်မယ်လို့ ပြောထား ကြပါတယ်။ 

သူရဲ့အလောင်းကို ဈာပနအခမ်းအနားပြီးတာနဲ့ မီးသင်္ဂြိုလ်ဖို့ မူလကစီစဉ်ထားပေမဲ့ တောင်းဆိုမှုတွေကြောင့် နောက်ထပ်ခွဲစိတ်စစ်ဆေးရမှာမို့ အစီအစဉ်ပြောင်းလိုက်တယ်လို့ ဆိုပါတယ်။ 

ကိုးကား - Thairath / Khaosod / Nation / Amarin Tv သတင်းများ

56 seconds Ago
Up