စစ်အာဏာသိမ်းမှု တနှစ်ပြည့်တော့မည့် ယနေ့မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများမှာ ကျရှုံးနိုင်ငံတခု အသွင်လက္ခဏာများ ထင်ဟပ်နေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်က အာဏာသိမ်းတက်လာသည့် အကြမ်းဖက်စစ်ကောင်စီသည် ဒီမိုရေစီ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို လိုလားသော ပြည်သူလူထု၏ ၂၀၂၀ ရွေးကောက်ပွဲရလဒ်များကိုလည်း မဲမသမာမှုရှိသည်ဟု စွပ်စွဲကာ ပယ်ဖျက်ရန် ကြိုးပမ်းနေသည်။ တချိန်တည်းတွင် မြန်မာပြည်အနှံ့အပြားရှိ ပြည်သူလူထုကလည်း စစ်အာဏာသိမ်းမှုကို လုံးဝလက်မခံကြောင်း ဆန့်ကျင်ကန့်ကွက် သပိတ်တိုက်ပွဲများ ဆင်နွှဲလျှက်ရှိသည်။ မျိုးဆက်သစ် ဂျန်ဇီး (Generation Z) လူငယ်ထုကလည်း စစ်အာဏာရှင်စနစ်ကို အမြစ်လှန်တိုက်ဖျက်ကြမည်ဟုဆိုကာ မြို့ရွာ အနှံ့တွင် နွေဦးတော်လှန်ရေးတိုက်ပွဲကို ပုံသဏ္ဍာန်မျိုးစုံဖြင့် ဖေါ်ဆောင်နေကြသည်ကို တွေ့မြင်နေရသည်။
အဓမ္မ အာဏာသိမ်းမှု ၁၁ လခွဲကျော်လာချိန်တွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံး ကွယ်လွန်ခဲ့ရသည့် ပြည်သူ ၁၄၉၀ ယောက်၊ ဖမ်းဆီးထိန်းသိမ်း ခံရသူပေါင်း ၁၁၇၁၁ ယောက်ထိ ရှိလာခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။ ထိုစာရင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ အေအေပီပီက ကောက်ယူ မှတ်တမ်းတင်ထားခြင်းဖြစ်၍ အမှန်တကယ် မြေပြင်၌ ကျဆုံးသူများ ယခုထက် ပိုနိုင်သည်ဟု ဆိုသည်။
၂၀၂၁ ခုနှစ်အတွင်း အကြမ်းဖက် စကစတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်များအကြား တိုက်ပွဲပေါင်း ၃၁၅၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၂၁၉၀ ဦး သေဆုံးကာ ၂၀၄၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု KNU ဗဟိုက ဇန်နဝါရီ ၇ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ တိုက်ပွဲများအတွင်း KNU ဘက်မှ ၄၂ ဦး သေဆုံးပြီး ၁၃၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း KNU ဗဟို၏ ထုတ်ပြန်ချက်၌ ဖေါ်ပြထားသည်။
စကစ တပ်က လက်နက်ကြီးကျည် ၁၅၀၀ ကျော် ပစ်ခတ်ခဲ့ပြီး လေကြောင်း ပစ်ခတ်မှုများနှင့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုများကြောင့် အရပ်သား ၃၁ ဦးသေဆုံးကာ ၈၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ တိုက်ပွဲများကြောင့် အနည်းဆုံး အရပ်သား ၅၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အထူးသဖြင့် စစ်ကောင်စီတပ်များ၏ ရက်စက်ရိုင်းစိုင်းယုတ်မာသော စစ်ဆင်ရေးများကြောင့် ကျေးလက်တောရွာနေ ပြည်သူများမှာ ဆင်းရဲဒုက္ခကြီးစွာ ခံစားနေကြရသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် နော်ဝေနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ်လည်း ပြစ်တင်ရှုတ်ချလိုက်သည်။ လုံခြုံရေးကောင်စီ၌ မြန်မာ့အရေး ဆက်လက် တွန်းအားပေး ဆောင်ရွက်သွားမည်ဟုလည်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရမှု တနှစ်နီးပါး ရှိလာချိန်တွင် လူ့အဖွဲ့အစည်းအားလုံး၏ အခြေအနေများ အကြီးအကျယ် ယိုယွင်းကျဆင်းနေပြီး ပြည်သူများ ဒုက္ခကြုံနေရသည့်အပေါ် အထူး စိုးရိမ်ကြောင်းလည်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီး ပြောဆိုထားသည်။
ထို့ကြောင့် လက်ရှိအနေအထားအရ မြန်မာ့နိုင်ငံရေး ရာသီဥတုအခြေအနေသည် အလွန်တရာ ဆိုးရွားပြင်းထန်လျှက်ရှိသည်ဟု ဆိုနိုင်သည်။ မြန်မာကိစ္စသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးကြီးပြဿနာများ၌ စာရင်းဝင်နေရုံမက၊ အာဆီယံအဖွဲ့အတွင်း၌လည်း အရှက်ရစရာ အကြောင်းအရာ ဖြစ်လာနေသည်။ ဂျီဆဲဗင်းနိုင်ငံများကလည်း မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချခဲ့ကြသည်။ အနှစ်ချုပ်အားဖြင့် ဒီမိုကရေစီနှင့် အာဏာရှင်စနစ် ၂ ရပ်၏ တိုက်ပွဲ၌ နိုင်ငံတကာ အစိုးရများအနေဖြင့် ဒီမိုကရေစီဘက်က ရပ်တည်နေကြောင်း အချက်ပြလျှက်ရှိသည်။
ထိုအတောအတွင်း ဇန်နဝါရီ ၂၄ ရက်နေ့က ကျင်းပပြုလုပ်သော (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၅၆) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၌ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူများအပေါ် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုနှင့် စစ်ရာဇဝတ်မှုများကျူး လွန်နေသောကြောင့် နိုင်ငံတကာက နည်းလမ်းမျိုးစုံသုံး၍ မြန်မာပြည်သူများကို ကာကွယ်ပေးရန် တာဝန်ရှိသည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောဆိုလိုက်သည်။
မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားလာခဲ့သည်မှာ (၁)နှစ် တင်းတင်းပင် ပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူ ၁၄၄၇ ဦးကျော် သေဆုံးခဲ့ပြီး အခြားထောင်ပေါင်းများစွာသော ပြည်သူများမှာလည်း ဖမ်းဆီးထိန်းသိမ်းခံ ထားရကြောင်း၊ ညှဉ်းပန်းနှိပ်စက် ခံရကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာ့စစ်တပ်အား ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီသည် ပြည်သူများအပေါ် မည်သို့မျှ စဉ်းစားပေးခြင်းမရှိဘဲ၊ ပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုဆန့်ကျင်ကာ လူ့အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်၍ ပြစ်မှုမြောက်မြားစွာကိုသာ ကျူးလွန်လျက်ရှိကြောင်း သံအမတ်ကြီးကပြောကြားခဲ့သည်။
မြန်မာစစ်တပ်၏ ဖော်ပြပါ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဥပဒေများကို ချိုးဖောက်နေသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန် သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုတို့ကို ကျူးလွန်နေသည်မှာ သိသာထင်ရှားကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြသည်။ ထို့ကြောင့် မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိစေရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှု ပြန်လည်ပေါ်ထွန်းလာစေရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ထိရောက် မြန်ဆန်၍ ညီညွတ်သည့် တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ပေးကြရန် မိမိအနေဖြင့် ထပ်လောင်း တောင်းဆို လိုပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေးကြောင့် စီးပွားရေးအခြေအနေ ဖရိုဖရဲဖြစ်နေစဉ် ပြည်သူလူထု၏ ဆင်းရဲဒုက္ခမျိုးစုံကို မျက်ကွယ်ပြုလျှက် အကြမ်းဖက်စစ်တပ်က စာနာမှုတရားကင်းမဲ့စွာ အာဏာသိမ်းယူခဲ့သဖြင့် ယခုအခါ မြန်မာနိုင်ငံ ပြည်သူလူထုသည် ရောဂါဘေး၊ စစ်ဘေးနှင့် အငတ်ဘေးဆိုသည့် ကပ်ကြီးသုံးပါးနှင့် တွေ့ကြုံနေကြရပြီ ဖြစ်သည်။
စီးပွားရေးကဏ္ဍ၏ အဓိက ယန္တရားများဖြစ်သည့် ဘဏ်စနစ် ပြိုလဲခြင်း၊ လောင်စာဆီဈေး အဆမတန်ဖြင့်တက်ခြင်း သယ်ယူပို့ဆောင်ရေးစနစ် ပျက်ပြားခြင်း၊ စစ်ကောင်စီ အကြမ်းဖက်တပ်များက ပြည်သူလူထု၏ စီးစိမ်ဥစ္စာများကို လုယက်ခိုးယူခြင်း၊ ပြည်သူ့အိုးအိမ်နှင့် လုပ်ငန်းဆိုင်ရာ အဆောက်အအုံများကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခြင်း၊ စစ်အာဏာသိမ်းမှုကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားကာ ရွှေဈေးနှင့် ဒေါ်လာဈေးတက်ခြင်း စသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။ အကျိုးဆက်အဖြစ် ပြည်တွင်းနှင့် နိုင်ငံခြားစီးပွားရေး လုပ်ငန်းများရပ်ဆိုင်းကာ ပြည်သူအများအပြား အလုပ်မဲ့ဖြစ်ကြရပြီးနောက် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုနှင့်ပါ ရင်ဆိုင်ကြရသည်။ ဤသို့သော အကြောင်း အချက်များသည်ပင် ကျရှုံးနိုင်ငံဖြစ်ရသည့် အရင်းခံတရားများ ဖြစ်လာခဲ့သည်။
ထို့ပြင် စစ်အာဏာသိမ်းမှုနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဥပဒေစိုးမိုးမှုပိုင်း ယိုယွင်းဆိုးရွားလာမှုတို့ကြောင့် မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းလည်ပတ်မှုအားလုံးကို ရပ်ဆိုင်းနေပြီဖြစ်သည်ဟု ကမ္ဘာ့အကြီးဆုံး စွမ်းအင်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် ပြင်သစ်ကုမ္ပဏီ Total Energies က ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားလိုက်သည်။ အာဏာသိမ်း စစ်အုပ်စုအတွက် အဓိကဝင်ငွေရင်းမြစ်အဖြစ် ဆက်ရှိနေသည့် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းအပေါ် ပစ်မှတ်ထားပြီး နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ရေး ပြင်သစ်ကုမ္ပဏီက တောင်းဆိုခဲ့ပြီးနောက် ယခုကြေညာချက် ထွက်ရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး နောက်ပိုင်း စကစ တပ်သည် ယင်းကို ဆန့်ကျင်သူများနှင့် အမြင်သဘောကွဲလွဲသူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖိနှပ်ဖြိုခွင်းခြင်း၊ လူငယ်အမျိုးသားများနှင့် ယောကျ်ားလေးများကို ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများကို သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို ညှင်းပန်းနှိပ်စက်ခြင်းတို့ကို ကျူးလွန်ထားခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေကြေး ၅၀ ရာခိုင်နှုန်းခန့်သည် သဘာဝဓာတ်ငွေ့ အခွန်ဘဏ္ဍာငွေများမှ ရရှိပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)အနေဖြင့် ၂၀၂၁-၂၀၂၂ ကာလတွင် ကမ်းလွန်နှင့် ပိုက်လိုင်း ပရောဂျက်များမှ ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံခန့် ရရှိဖွယ် ရှိသည်ဟု ခန့်မှန်းကြသည်။ စစ်အုပ်စုအပေါ် ယခင်ချမှတ်ထားခဲ့သော အမေရိကန်နှင့် ဥရောပ၏ ဒဏ်ခတ်ပိတ်ဆို့မှုများထဲတွင် ရေနံနှင့် ဓာတ်ငွေ့ကဏ္ဍ မပါဝင်ထားခဲ့ပေ။ Total ၏ ကြေညာချက် ထွက်ပေါ်ပြီးနောက် မကြာမီမှာပင် Chevron ကလည်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး လက်ရှိအခြေအနေများအရ ယင်းလည်း ထွက်ခွာတော့မည်ဟု ပြောခဲ့သည်။ ထိုကုမ္ပဏီကြီးများ မြန်မာနိုင်ငံမှ ဆုတ်ခွာရန် ဆုံးဖြတ်ကြခြင်းမှာ စကစ၏ အဓမ္မ အာဏာသိမ်းမှုနှင့် စစ်ရာဇဝတ်မှုများကျူးလွန်မှုတို့ကြောင့် ဖြစ်ပေသည်။
တခြားတဖက်တွင်လည်း တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသကဲ့သို့၊ ရွှေ ကျောက်စိမ်းနှင့် ကျွန်းသစ် အပါအဝင် သယံဇာတများ တရားမဝင်တူးဖေါ် ခိုးယူမှုများ ဖြစ်နေသည်။ မူးယစ်ဆေးမျိုးစုံထုတ်လုပ်၍ ပြည်တွင်းပြည်ပ၌ ရောင်းဝယ်ဖေါက်ကားမှုများ ပေါ်ပေါက်နေသည်။ နိုင်ငံ၏ နေရာအနှံ့အပြားတွင် လောင်းကစားဝိုင်များ ပေါ်ပေါက်နေ သည်။ ယင်းကိစ္စအဝဝတွင် အကြမ်းဖက် စစ်တပ်အာဏာပိုင်များ ပူးပေါင်းပါ၀င်နေကြောင်းလည်း ဒေသခံများက ယူဆ နေကြသည်။ တချိန်တည်း၌ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုမှုသည်လည်း စစ်အာဏာရှင်စနစ်အောက်တွင် ကျဆုံးခဲ့ ရလေသည်။ ဤပုံအတိုင်းဆိုလျှင် မြန်မာနိုင်ငံသည်။ ကျရှုံးနိုင်ငံဖြစ်ရန် ရာနှုန်းပြည်နီးပါး သေချာနေပေပြီ။
သို့ဖြစ်၍ မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်မှ ကယ်တင်ရန်မှာ စစ်အာဏာရှင်စနစ် အမြစ်က လှန်နိုင်မှဖြစ်မည်။ တွေဝေဆုတ်ဆိုင်းနေပါက အကြမ်းဖက်စစ်တပ်ကို သက်ဆိုးရှည်ခွင့်ပေးရာ ရောက်မည်။ ဖက်ဆစ်အာဏာရှင်စနစ် လက်အောက်၌ ခေတ္တခဏမျှပင် မနေလိုပါက ပြည်သူတို့အနေဖြင့် တွေဝေဆုတ်ဆိုင်း မနေဘဲ ဂျန်ဇီး (Generation Z) လူငယ်ထု ရှေ့ဆောင်နေသော နွေဦးတော်လှန်ရေးတိုက်ပွဲကို ထောက်ခံ ပံ့ပိုးကြရမည်။ စစ်အာဏာရှင်စနစ်ကို အမြစ်လှန်တိုက်ဖျက်ကြမည်ဆိုလျှင် ပြည်သူတိုင်း ပြည်သူတိုင်း နွေဦးတော်လှန်ရေးတွင် အုတ်တချပ် သဲတပွင့်အဖြစ် သင့်လျော်ရာနေရာမှ ပါ၀င်ဆင်နွှဲကြရန် သန္နိဋ္ဌာန်ချကြရပေမည်။ အရေးတော်ပုံ အောင်ရမည်။
ကောင်းဇေလူ
ယနေ့မြန်မာ့အရေးသည် ကမ္ဘာ့အရေးနှင့် တဆက်တစပ်တည်း ဖြစ်နေပြီဟု ဆိုရမည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးကြီးပြဿနာများ၌ မြန်မာကိစ္စ စာရင်းဝင်နေရုံမက၊ အာဆီယံအဖွဲ့ကိုပင် အကွဲအပြဲဖြစ်စေနိုင်သည့် အကြောင်းအရာ ဖြစ်လာနေသည်။ ထို့ပြင် ဂျီဆဲဗင်းနိုင်ငံများ ထိပ်သီးဆွေးနွေးပွဲတွင်လည်း မြန်မာ့အရေးက ဦးစားပေးဆွေးနွေးစရာ ဖြစ်ခဲ့ သည်။ ထို့ပြင် အာဆီယံနှင့် တရုတ်၊ အာဆီယံနှင့် အမေရိကန် အီးယူတို့၏ ဆွေးနွေးပွဲများတွင်လည်း မြန်မာ့အရေးက အရေးတယူဆွေးနွေးရသည့် ကိစ္စဖြစ်လာသည်။ အရင်းခံပြဿနာမှာ ဒီမိုကရေစီနှင့် အာဏာရှင်စနစ် ၂ ရပ်၏ တိုက်ပွဲ၌ နိုင်ငံတကာ အစိုးရများအနေဖြင့် ဘယ်ဘက်က ရပ်မည်လဲဟု မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်က အာဏာသိမ်း တက်လာသည့် အကြမ်းဖက်စစ်ကောင်စီသည် ဒီမိုရေစီ နိုင်ငံရေးစနစ်ကို မထေမဲ့မြင်ပြုရုံမက ပြည်သူလူထု၏ ၂၀၂၀ ရွေးကောက်ပွဲရလဒ်များကိုလည်း ပျက်ရယ်ပြု နင်းချေပြခဲ့သည်။ ယင်းဖြစ်စဉ်၌ တရုတ်၊ ရုရှား ဘယ်လားရုစ် စသည့် အာဏာရှင်နိုင်ငံများက မြန်မာအကြမ်းဖက် စစ်ကောင်စီဘက်တွင် ပြောင်ပြောင်တင်းတင်း ရပ်ခဲ့ကြသည်။ ဒီမိုကရေစီကို ထောက်ခံသည့် အမေရိကန်၊ ဗြိတိန်နှင့် အီးယူနိုင်ငံများက ဂျန်ဇီးတို့၏ နွေဦးတော်လှန်ရေးဘက်က ရပ်တည်ခဲ့ကြသည်။
အထူးသဖြင့် စစ်ကောင်စီတပ်များ၏ ရက်စက်ရိုင်းစိုင်းယုတ်မာသော စစ်ဆင်ရေးများကြောင့် ကျေးလက်တောရွာနေ ပြည်သူများမှာ ဆင်းရဲဒုက္ခ ကြီးစွာခံစားနေကြရသည်။ အနီးဆုံးဥပမာတခုမှာ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ကယားပြည်နယ်ရှိ စစ်ပြေးဒုက္ခသည် စခန်းတခုကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ကလေး ၂ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ရသည့် ဖြစ်ရပ်ကို ကြည့်လျှင် သိနိုင်သည်။ ကယားပြည်နယ်တောင်ပိုင်းနှင့် ကရင်ပြည်နယ်အတွင်း ဒီဇင်ဘာလ မှစတင်ပြီး တိုက်ပွဲအရှိန် ပြင်းထန်လာခဲ့၍ သေဆုံး အနာတရဖြစ်မှု အများအပြားရှိခဲ့သည်ဟု သတင်းများအရ ကြားသိနေရသည်။ အိုးအိမ်စွန့်ခွါထွက်ပြေးရမှုများလည်း ဆက်လက်ဖြစ်ပွားနေသည်။ ၂၀၂၁ ခုနှစ် မေလမှ အစပြု၍ ယင်းဒေသများ၌ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အိုးအိမ်စွန်ခွါထွက်ပြေးနေရသူ ၁ သိန်း ၆ သောင်းကျော် ရှိနေသည်ဟု ဗွီအိုအေသတင်းက ဖေါ်ပြသည်။
ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်း လူဦးရေ ၃၇၇,၈၀၀ ခန့် တိုက်ပွဲရှောင် ထွက်ပြေးနေ ကြရသည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ ၂၀၂၂ ဇန်နဝါရီ ၁၀ ရက် ထုတ်ပြန်ချက်ကို ကိုးကား၍ UNOCHA ရုံး က ဇန်နဝါရီ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ (ဒီဗွီဘီ)
လက်ရှိအနေအထားအရ မြန်မာ့နိုင်ငံရေး ရာသီဥတုအခြေအနေသည် မိုးသက်မုန်တိုင်း ပြင်းထန်စွာ ကျရောက် လျှက်ရှိသည်ဟု ဆိုရမည်။ အဓမ္မ အာဏာသိမ်းမှု ၁၁ လခွဲကျော်လာချိန်တွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးကွယ်လွန်ခဲ့ရသည့် ပြည်သူ ၁၄၈၃ ယောက်၊ ဖမ်းဆီးထိန်းသိမ်း ခံရသူပေါင်း ၁၁၆၂၈ ယောက်ထိ ရှိလာခဲ့ပြီဖြစ် ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုစာရင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ အေအေပီပီက ကောက်ယူ မှတ်တမ်း ပြုစုထားခြင်း ဖြစ်၍ အမှန်တကယ် မြေပြင်၌ ကျဆုံးသူများ ယခုထက် ပိုနိုင်သည်ဟု ဆိုသည်။
ယင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုအား ရန်သူသဖွယ် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေချိန်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် အသွင်သစ်နိုင်ငံရေးဆွေးနွေးပွဲများမှ တဆင့် တနိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ၏ အနှစ်သာရကိုကိုင်စွဲပြီး အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းကြိုးပမ်းသွားမည်ဟု ဆိုသည့် အချက်မှာ အံ့အားသင့်ဖွယ် ကိစ္စဟု ဆိုရမည်။ RCSS က ၂၀၂၁ ဒီဇင်ဘာလ ၂ ရက်တွင် ထုတ်ပြန်သည့် RCSS နှင့် အစိုးရအကြား ပြည်နယ်အဆင့် ၂ ဖက် သဘောတူစာချုပ် ချုပ်ဆိုမှု ၁၀ နှစ်ပြည့်အထိမ်းအမှတ်ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်ကြောင်း ဧရာဝတီသတင်း အရ သိရသည်။
ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဒုတိယဥက္ကဋ္ဌ လည်းဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးလည်းဖြစ်သည့် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များကို ရည်ညွှန်းကာ လူထုနဲ့မပူးပေါင်းဘဲ စစ်ကောင်စီလက်ထက်တွင် နိုင်ငံရေး ဆွေးနွေးပွဲများကို စိတ်ကူးယဉ်နေခြင်းသည် သမိုင်းထဲတွင် အမှားလုပ်နေခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာ လလယ်က ပြောကြားထားကြောင်းလည်း ဧရာဝတီ၌ပင် ဖေါ်ပြထားသည်။
ဆလိုင်းလျန်မှုန်းဆာခေါင်းက ဧရာဝတီနှင့် အင်တာဗျူးတွင် “ကျနော့်ရဲ့ မိတ်ဆွေဟောင်းများဖြစ်တဲ့ PPST (ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့) ခေါင်းဆောင်ဟောင်းကြီးများ ကလည်း ရှင်းရှင်းလင်းလင်းမြင်သင့်တယ်။ မင်းအောင်လှိုင်လို အိပ်မက်ထဲမှာ မနေစေချင်ဘူး။ အမှန်တရားအပေါ်မှာ နိုးထပြီးတော့မှ ယနေ့တိုင်းပြည်ရဲ့ ပကတိ အခြေအနေကိုလည်း ကြည့်ပါ။ ပြည်သူလူထုတရပ်လုံးရဲ့ ဆန္ဒကိုလည်း လေးစားပါ။ လူထုနဲ့မပေါင်းဘဲနဲ့ လူထုရဲ့ ဆန္ဒကို မလိုက် လျောဘဲနဲ့ အဲဒီနိုင်ငံရေးဆွေးနွေးပွဲတွေကို စိတ်ကူးယဉ်နေတာက သမိုင်းထဲမှာ အမှားလုပ်နေတာဖြစ်တယ်။ သမိုင်းရဲ့ ဒဏ်ခတ်မှုကို ကြီးအကျယ်ခံရလိမ့်မယ်။ အချိန်မနှောင်းသေးဘူး” ဟု ပြောသည်။
ဆလိုင်းလျန်မှုန်းဆာခေါင်း၏ ဝေဖန်သုံးသပ်ချက်မှာ မြေပြင်အခြေအနေ လူထုသဘောထားကို ထင်ဟပ်နေသဖြင့် ကြောင်းကျိုးဆီလျော်သည်ဟု နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။ PPST တွင် ပါဝင်သည့် အဖွဲ့များအနေဖြင့် NCA ကို ဆက်လက်ဆုပ်ကိုင်ထားသင့်/မသင့် အလေးအနက် စဉ်းစားကြဖို့လိုပေသည်။ အမှန်ဆိုလျှင် စစ်ကောင်စီက အကြမ်းဖက် အာဏာသိမ်းမှု ကျူးလွန်ခြင်းကြောင့် စစ်တပ်က ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံသည်ပင်လျှင် ပျက်သုဉ်းခဲ့ပြီ ဖြစ်၍၊ ထိုဖွဲ့စည်းပုံအောက်တွင် ဆောင်ရွက်ရမည့် NCA သည်လည်း အသက်ဝင်ရန် ရေခံမြေခံ မရှိတော့ပေ။
ဇန်နဝါရီ ၁၇ ရက်နေ့က ကယားပြည်နယ်ရှိ စစ်ပြေး ဒုက္ခသည် စခန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့မှု အပေါ် နော်ဝေ ဒုက္ခသည်များကောင်စီ (Norwegian Refugee Council) က ပြစ်တင်ရှုတ်ချလိုက်ပြီး၊ ကောင်စီအတွင်းရေးမှူးချုပ် Jan Egeland က ဇန်နဝါရီ ၁၈ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ရာ၌ အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်လာနေခြင်းကြောင့် စိုးရိမ်မိကြောင်း ပြောဆိုထားသည်။ ကယားပြည်နယ်တခုထဲ၌ လူနေအိမ်၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနှင့် ပညာသင် ကျောင်းများအပါအဝင် အဆောက်အဦး ၆၅၀ ကျော် ဖျက်စီး မီးရှို့ခံခဲ့ရသည်ဟု သတင်းများအရ သိရသည်။ အာဏာသိမ်း စစ်ကောင်စီအနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ အရပ်သားပြည်သူလူထုကို မထိခိုက်အောင် ကာကွယ်ရမည့် ဝတ္တရားရှိသည့်အလျောက် ယင်းဝတ္တရားများကို လိုက်နာရန် တိုက်တွန်းပါကြောင်း နော်ဝေဒုက္ခသည်ကောင်စီ အတွင်းရေးမှူးချုပ်၏ ကြေညာချက်၌ ဖေါ်ပြထားသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် လက်ရှိအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသည့် နော်ဝေနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ခြင်းအပေါ် ရှုတ်ချလိုက်ပြီး လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆက်လက် ဆောင်ရွက်ရန် တွန်းအားပေးသွားမည့်အကြောင်း နော်ဝေ နိုင်ငံခြားရေး ၀န်ကြီးက ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရမှု တနှစ်နီးပါး ရှိလာချိန်မှာ လူ့အဖွဲ့အစည်းအားလုံး၏ အခြေအနေများ အကြီးအကျယ် ယိုယွင်းကျဆင်းနေပြီး ပြည်သူများ ဒုက္ခကြုံနေရသည့်အပေါ် အထူး စိုးရိမ်ကြောင်းလည်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt က ပြောဆိုထားသည်။
ထိုအတောအတွင်း ဇန်နဝါရီ ၁၆ ရက်နေ့က မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြန်လည်ကျင့်သုံးနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်သည် မရှိမဖြစ် ပါ၀င်ရမည်ဖြစ်သည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီတရားရုံး၏ ပြစ်ဒဏ်စီရင်မှုကိုလည်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ရှုတ်ချလိုက်သည်။ စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ် ပေးရေး၊ အကြမ်းဖက်မှုများရပ်ပြီးလူ့အခွင့်အရေးကို လေးစားလိုက်နာရေးစသည့် နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt ၏ တောင်းဆိုချက်များကို ထပ်တူ ခံယူကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက သူ့ကြေညာချက်၌ ဖော်ပြခဲ့သည်။
သို့သော်လည်း လတ်တလောတွင် ဥစ္စာရှင်လို ဥစ္စာရှင်ခဲ ဆိုသည့် စကားအတိုင်း ဂျန်ဇီးတို့နှင့်အတူ မြန်မာပြည်သူတို့ သည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးကို ညီညွတ်စွာ လုံးပမ်းနေကြပေသည်။ ဤနေရာတွင် အလျဉ်သင့်သဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ဝန်ကြီးချုပ် တာဝန် ယူထားသည့် မန်းဝင်းခိုင်သန်းအား Myanmar Now က ဇန်နဝါရီ ၁၉ တွင် တွေ့ဆုံမေးမြန်းချက်ထဲမှ အမေး-အဖြေ တခုကို ကောက်နုတ် ဖော်ပြလိုသည်။
မေး − ပြည်သူတွေကို တော်လှန်ရေးခရီးနဲ့ ပတ်သက်ပြီး ဒီထက်ပိုပြီး တိတိကျကျ ဘာများပြောပြလို့ ရအုံးမလဲ။
ဖြေ − “ကျွန်တော်တို့က ဒီနှစ်တော့ အကျော်မခံပါဘူး။ ပြည်သူလည်း အတော်ပန်းနေပြီလေ။ ဒီအချိန်ကြာလာပြီးတဲ့အခါ ကျတော့ ကျွန်တော်တို့ အမြန်ဆုံး အောင်မြင်နိုင်အောင် လုပ်မှာပါ။ သိတဲ့အတိုင်းပဲ ကျွန်တော်တို့က မြေပြင်မှာ အကုန်လုံး အသာစီးရတယ်။ အခုတော့ သူတို့ လေကြောင်း (တိုက်ခိုက်မှု) ကို ဘယ်လိုလုပ်မလဲဆိုတဲ့ အပိုင်းပဲ စဉ်းစားရတာပေါ့။ ဒါတွေက EAO တွေနဲ့ တိုင်ပင်ရမဲ့ ကိစ္စတွေပါ။ လေကြောင်းသာ မရှိဘူးဆိုရင် ကျွန်တော်တို့ ကောင်းကောင်းကြီး နိုင်နေပြီ။”
အဆိုပါ အင်တာဗျူး၌ မန်းဝင်းခိုင်သန်း၏ ဖြေကြားသွာချက်များမှာ နွေဦးတော်လှန်ရေးဘက်က အားတက်စရာဖြစ်သည်။
လက်ငင်းအခြေအနေတွင် တရုတ်နိုင်ငံက မြန်မာပြည်သူတို့၏ ဆင်းရဲဒုက္ခများကို လျစ်လျူပြု၍ အကြမ်းဖက် စစ်ကောင်စီ ထောက်ခံနေသည်။ တရုတ်က အာဆီယံအဖွဲကို ခုတုံးလုပ်၍ မြန်မာ့အရေးကို အချိန်ဆွဲသည့်နည်းဗျူဟာကျင့်သုံးပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံအောက် ပြန်ရောက်စေရန် လုပ်နေသည်။ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စီးပွားရေး စီမံကိန်းများ ဆက်လက် ဖော်ဆောင်ရေးဖြစ်သည်။ မြန်မာ့သယံဇာတများကို ဈေးပေါပေါနှင့် လက်ဝါးကြီးအုပ်ရန် စစ်ကောင်စီကို တရုတ်က ထောက်ခံကာ ကိုယ်ကျိုးရှာနေခြင်းဖြစ်သည်။
ကျောက်ဖြူ ရေနက် ဆိပ်ကမ်းကို အမြန်အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာ့ တည်ငြိမ်ရေးကို လိုလားဟန်ပြ၍ အိန္ဒိယသမုဒ္ဒရာဘက် ထွက်ပေါက်ရရေးနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကို တရားဝင်ဆက်လက် တည်ဆောက်ရန် အားထုတ်နေသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို စစ်ရေးအစား စေ့စပ်ဆွေးနွေးရေး ကျင့်သုံးရန် အာဆီယံမှတဆင့် ဖိအားပေးနေခြင်းဖြစ်သည်။ လက်ရှိ ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌ နေရာနှင့် အခွင့်အရေးကို တရုတ်က သူ့ ကိုယ်ကျိုးအတွက် အသုံးချရန် ကြံစည်နေသည့်အချက်ကို မျက်ခြည်မပြတ်ဖို့လိုသည်။ အမှန်စင်စစ် အာဆီယံ၏ ကြားဝင်စေ့စပ်မှု ဦးတည်ချက်မှာ မြန်မာ့နွေဦးတော်လှန်ရေးကို နှေးကွေးတုန့်ဆိုင်းသွားစေရန် ဖြစ်သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ခေတ်သစ်နယ်ချဲ့စနစ်ကျင့်သုံးကာ လွှမ်းမိုးကြိုးကိုင်ရန် ကြံစည်နေသည့် အချက် ကိုလည်း သတိမလစ်ဖို့လိုသည်။ ယနေ့တရုတ်မြန်မာနယ်စပ်တလျောက်တွင် နယ်မြေခိုးယူ ခြံစည်းရိုးခတ်နေမှု၊ တိုင်းရင်းသားပိုင် လယ်ယာခြံမြေများကို ဥပဒေလက်တလုံးခြားဖြင့် ၀ယ်ယူသိမ်းပိုက်နေသည့် လုပ်ရပ်များကို တွေ့နေရသည်။ လက်ရှိတွင် တော်လှန်ရေးအောင်မြင်ရေးအတွက် ကိုယ့်ဝန်ကိုယ်ထမ်း၍ ကိုယ့်လမ်းကိုယ် လျှောက်ရမည်ကို ဂျင်နရေးရှင်း-ဇီးများနှင့် မြန်မာပြည်သူတို့ ကောင်းစွာ သိမြင်သဘောပေါက်ကြသည်။
ဂျန်ဇီးတို့နှင့်အတူ နွေဦးတော်လှန်ရေးဆင်နွှဲနေသူများသည် စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ ဖျက်သိမ်းရန် သစ္စာဆိုထားကြသူများ ဖြစ်သည်။ တရုတ်၊ ဗီယက်နမ်၊ လာအိုနိုင်ငံများသည် တပါတီ အာဏာရှင်စနစ် ကျင့်သုံးသော နိုင်ငံများ ဖြစ်၍ ကျန်အာဆီယံ နိုင်ငံများသည်လည်း ဒီမိုကရေစီအပြည့်အဝ မဟုတ်သေးသည့် အာဏာရှင်တပိုင်း အစိုးရများက အုပ်ချုပ်နေဆဲရှိသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုနှင့် အီးယူနိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံဖြစ်လာစေရန် အားပေးကူညီရမည့် တာဝန်ရှိပေသည်။
နိဒါန်း၌ဆိုခဲ့သလို မြန်မာ့အရေးသည် ကမ္ဘာ့အရေးဖြစ်သဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေးစီတော်လှန်ရေးကို အမေရိကန်နှင့် အနောက်အုပ်စုက အားပေးထောက်ခံရန် ပျက်ကွက်ခဲ့လျှင် အာဆီယံဒေသ၌ တရုတ်လွှမ်းမိုးမည့် အန္တရာယ်နှင့် မလွဲမသွေ တွေ့ကြုံရပေမည်။ ထို့ကြောင့် ဒီမိုကရေစီနှင့် အာဏာရှင်စနစ် ၂ ရပ်တိုက်ပွဲ (တနည်း- ဓမ္မနှင့် အဓမ္မ တိုက်ပွဲ) တွင် နိုင်ငံတကာက မည်သည့်ဘက်က ရပ်မည်နည်း။ မြန်မာ့ ဂျန်ဇီးလူငယ်တို့၏ ဒီမိုကရေစီ တော်လှန်ရေးလမ်းကြောင်းသည် ဓမ္မဘက်က ဖြစ်သည့်အလျောက် နိုင်ငံတကာရှိ ဒီမိုကရေစီအင်အားစုများအနေဖြင့် နွေဦးတော်လှန်ရေးကို မလွဲမသွေ ထောက်ခံလာကြမည်ဖြစ်ပေသည်။ မြန်မာ့ ဂျန်ဇီးလူငယ်တို့ ထွင်သော ဒီမိုကရေစီ တော်လှန်ရေး အစဉ်အလာသည် အာဆီယံဒေသနှင့်တကွ အဖိနှိပ်ခံ နိုင်ငံများစွာအတွက် စံနမူနာ တရပ်ဖြစ်လာပေလိမ့်မည်။