close

ကောလင်းမြို့

close

December 12, 2022

ကလေးနှင့် ကောလင်းတွင် စစ်တပ်က နေအိမ်များကို မီးရှို့၊ မုံရွာကိုလာသည့် စစ်ရေယာဉ် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်း နန်းချောင်းကျေးရွာက ဒေသခံနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသလို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

စစ်ကောင်စီတပ်တွေက ကလေးမြို့ အနောက်မြောက်ပိုင်း‌‌ဒေသ တာဟန်း-ရာဇဂြိုဟ် လမ်းမကြီးပေါ်ကို ဒီဇင်ဘာ ၁၂ ရက် ဒီနေ့မနက် ၇ နာရီလောက်က စစ်ကြောင်းထိုးလာစဉ် ဒေသခံကာကွယ်ရေးတပ်‌‌တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံထံကသိရပါတယ်။

တိုက်ပွဲက မနက်အစောပိုင်းကစ ဖြစ်ပွားခဲ့ပြီး မနက် ၉ နာရီလောက်မှာတော့ စစ်ကောင်စီတပ်တွေက နန်းချောင်းရွာက ဒေသခံ‌နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတာလို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးရှိ လက်ပံချောင်း၊ ပြည်တော်သာနဲ့ နန်းချောင်းကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အခုချိန်ထိ မီးကလောင်နေဆဲပါ။‌ ခန့်မှန်းခြေ ၁၀ လုံးလောက်တော့ ရှိတော့မယ်။ စစ်ကြောင်းပြန်ထွက်မှ မီးရှို့ခံရတဲ့ အရေအတွက်ကို သိနိုင်မှာ။ ဒေသခံတွေကတော့ ပြေးနေကြရတာပါပဲ။ ရွာထဲမှာလည်း တချို့တလေ ပိတ်မိနေတယ်လို့ ပြောကြတယ်။ သေချာတော့မသိဘူး။”

စစ်ရေးအခြေအနေကြောင့် ကလေးမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေရော ကားဆိုင်ကယ်တွေစီးပြီး သေနတ်တွေနဲ့ ခြေရှုပ်နေကြတာကြောင့် ပြည်သူတွေအနေနဲ့ အသွားအလာ ဂရုစိုက်ကြဖို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် တိုက်ပွဲတွင်းအခြေအနေနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်ကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အလားတူ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက ကုက္ကိုကျွန်းရွာ၊ ပေပင်ချောင်ရွာ၊ ညောင်ကုန်း ရွာတွေကို ဒီဇင်ဘာ ၁၁ ရက်မှာ စစ်တပ်က မီးရှို့ခဲ့တာကြောင့် ​​ဒေသခံရွာသားတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “ညနေကျတော့ မီးရှို့တဲ့ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်နေတယ်။ ဖုန်းလိုင်းတွေလည်း မကောင်းတော့ဘူး။ ရွာသားတွေကတော့ ပြေးနေရတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက်ကလည်း ဇီးဖြူကုန်းနဲ့ လျှော်ဖြူကုန်းရွာကို စစ်တပ်က မီးရှို့တာကြောင့် ဇီးဖြူကုန်းရွာက နေအိမ် ၄၅ လုံးနဲ့ လျှော်ဖြူကုန်းရွာက နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကောလင်းမြို့နယ်ထဲကို စစ်တပ်က ဒီဇင်ဘာ ၉ ရက်က စတင် စစ်ကြောင်းထိုးလာတာကြောင့် အနီးအနားကျေးရွာက ဒေသခံတွေ ထွက်ပြေးနေရပြီး ဆေးဝါးနဲ့ စောင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာပဲ ဆားလင်းကြီးမြို့နယ်ကနေ မုံရွာကို ဆန်တက်လာတဲ့ စစ်တပ်ရေယာဉ်တစီးကို ဒီဇင်ဘာ ၁၁ ရက် မနက် ၈ နာရီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Monywa Peregrine People's Defence Force အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရေယာဉ်ပေါ်ပါတဲ့ စစ်တပ်ဟာ ဒီဇင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ဆားလင်းကြီးမြို့နယ်ထဲက ထန်းစဥ်၊ ဆားထုံး၊ ရွာသစ်၊ လက်ပံကျွန်း၊ တောကျောင်း ရွာတွေကို စစ်ကြောင်းထိုးကာ မီးရှို့ခဲ့သလို ရွာသားတွေကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

တဖက်ပွင့်မိုင်း ၆ လုံးနဲ့ နေရာ ၂ ခုကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်က ပြန်ပစ်ခဲ့တာကြောင့် PDF ပူးပေါင်းရဲဘော်တွေရဲ့ လုံခြုံရေးအရ ဆုတ်ခွာခဲ့ရပြီး ထိခိုက်ကျဆုံးမှုကို စုံစမ်းနိုင်ခဲ့ခြင်း မရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

10 mins Ago

June 24, 2022

ကောလင်းမြို့တွင် စစ်ကောင်စီတပ်ကြပ်ကြီးတဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း ကောလင်းမြို့ ငပွေးကြီးရပ်ကွက်ရှိ နေအိမ်ကို ခွင့်နဲ့ပြန်လာတဲ့ ခမရ (၁၁၁) ဝန်းသိုတပ်ရင်းမှ တပ်ကြပ်ကြီး ထွန်းလင်းအား ဇွန် ၂၂ ရက်နေ့က နေအိမ်မှာ ကောလင်း ပကဖ ရဲဘော်တွေ ဝင်ရောက်ဖမ်းဆီးချိန် လက်ပစ်ဗုံးနဲ့ ပြန်ပစ်ပြီးခုခံလို့ သေနတ်နဲ့ ၅ ချက် ပစ်ခတ်ရာ ဆေးရုံအရောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ တပ်ကြပ်ကြီး ထွန်းလင်းထံကနေ ၅.၅၆ ကျည် ၁၇ တောင့်၊ ဓားရှည် ၁ ချောင်း၊ ဓားမြှောင် ၂ ချောင်း၊ လက်လုပ်ပစ္စတို-အပျက် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပကဖ အဖွဲ့က ပြောပါတယ်။

“အိမ်ထဲမှာ သေဆုံးသူရဲ့ မိခင်နဲ့ မိသားစုဝင်တွေရှိတယ်၊ ပြည်သူ့ရဲဘော်တွေက တိုက်ခိုက်ခြင်းမရှိခဲ့ဘဲ အေးဆေးစွာ နေခွင့်ပြုခဲ့တယ်။” 

တပ်ကြပ်ကြီး ထွန်းလင်းရဲ့ အစ်ကိုဖြစ်သူဟာလည်း စစ်ကောင်စီတပ်တွေကို သတင်းပေးနေတာကြောင့် လွန်ခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက သုတ်သင် ရှင်းလင်းခံရတယ်လို့ မြို့ခံတွေက ပြောဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဒေသခံ ငပွေးကြီးရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

6 months Ago
Up