စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကောလင်း-ဥက္ကံလမ်းမကြီးပေါ်မှာ ဇန်နဝါရီ ၇ ရက် မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် အမျိုးသမီး ၂ ယောက်ဟာ လက်လုပ်မိုင်းတွေ သယ်လာတုန်း အကြမ်းဖက်စစ်တပ်နဲ့ ထိပ်တိုက်တိုး စစ်ဆေးခံနေရတုန်း အသေခံ မိုင်းခွဲတိုက်ခိုက်သွားခဲ့တာလို့ Kalawlin Revolution –KR က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ကျို့ခုံ၊ ဝါးရုံခုံရွာကနေ ချမ်းသာ၊ မင်းတဲကြီးဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ မစုစုရည်နဲ့ မနှင်းဆီလှိုင်တို့ဟာ မိုင်းထောင်ဖို့ ဆိုင်ကယ်နဲ့သယ်လာတုန်း စစ်တပ်ရဲ့ ရှေ့ပွိုင့်စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး စစ်ဆေးတာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရဲမေ ၂ ယောက်ဟာ မိုင်းကို ရီမုနဲ့ခွဲ အသေခံတိုက်ခိုက်ခဲ့လို့ သူတို့ ၂ ယောက်လုံး ကျဆုံးခဲ့ပြီး အကြမ်းဖက်စစ်သားတွေ ဘယ်လောက်ထိခိုက်ဒဏ်ရာရတယ် ဆိုတာတော့ မသိရသေးပါဘူး။
ကျဆုံးခဲ့သူ မစုစုရည်ဟာ အသက် ၄၅ နှစ်အရွယ်ဖြစ်ပြီး မနှင်းဆီလှိုင်ကတော့ အသက် ၂၀ ပဲ ရှိသေးတယ်လို့ သိရပါတယ်။
မစုစုရည်ရဲ့နေအိမ်ကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၈ ရက် မနေ့က ချိပ်ပိတ်ပြီး ဖျက်ဆီးခဲ့တယ်လို့လည်း တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ ပေပင်ချောင်ရွာကို စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ပြီးနောက် သတ်ဖြတ်ထားခဲ့တဲ့ အမျိုးသား ၅ ဦး အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးသိန်းအောင်၊ ဦးအဲမောင်၊ နိုင်ဝင်းထွန်း၊ ကံမင်းစိုးနဲ့ ဦးမြင့်စိုးတို့ရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထွက်သွားပြီးချိန်မှာ တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"သူတို့စစ်ကြောင်းဝင်လာချိန် မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့သူတွေပါ။ တခြားထွက်ပြေးပြီး မလွတ်လို့ သတ်ခံရတာတွေလည်းရှိပါတယ်၊ နှိပ်စက်ပြီးကို သတ်ထားတာပါ" လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကုက္ကိုကုန်းရွာက နေအိမ် ၈၇ လုံး၊ ပေပင်ချောင်ရွာက နေအိမ် ၃၉ လုံးနဲ့ ညောင်ကုန်းရွာက နေအိမ် ၂၉ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းက ဒီဇင်ဘာ ၉ ရက်နေ့က စတင်ပြီး စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့တာကြောင့် ကျေးရွာ ၅ ရွာက နေအိမ် ၂၂၄ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကောလင်းမြို့နယ်ထဲကို စစ်တပ်စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၂၃ ရွာက ဒေသခံရွာသား ၂ သောင်းကျော်ထွက်ပြေးနေရပြီး စားနပ်ရိက္ခာနဲ့စောင်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။