close

ကော့ကရိတ်-မြဝတီ အာရှလမ်း

close

November 9, 2022

ကော့ကရိတ်-မြဝတီ(အာရှ)လမ်းတွင် ယာဉ်မတော်တဆမှုဖြစ်ပြီး လူ ၇ ဦး သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ(အာရှ)လမ်း တောနော်ရေတံခွန်အနီးမှာ နိုဝင်ဘာ ၉ ရက် ဒီနေ့မနက် ၉ နာရီလောက်က ခရီးသည်တင်ယာဉ် အန်စာတုံးကားတစီး အရှိန်လွန်ကာ အုတ်ခုံဝင်တိုက်မိခဲ့လို့ ယာဉ်ပေါ်ပါသူ ၇ ဦးလုံး သေဆုံးခဲ့တယ်လို့ ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။

အဆိုပါယာဉ်ဟာ မြဝတီမြို့ကနေ ခရီးသည်နဲ့ကုန်တွေကို တင်ဆောင်ပြီး အာရှလမ်းအတိုင်း ဆင်းလာခဲ့ရာ တောနော်ရေတံခွန်အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းတားတုံးကို ကျော်လွန်ပြီး အုတ်ခုံဝင်တိုက်မိ တိမ်းမှောက်ခဲ့တဲ့အတွက် ယာဉ်မောင်းသူ အပါအဝင် ခရီးသည်အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦးလုံး သေဆုံးခဲ့တာပါ။

ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “မြဝတီကနေလာတဲ့ ပဲခူးကကား။ ကျနော်တို့ ပြောချင်တာက လမ်းကြောင့် မဟုတ်ပါဘူး။ ဒရိုင်ဘာတွေပဲ လိုတယ်။ ကုန်တွေကို အဆမတန်တင်မယ်ဆိုရင် ယာဉ်တွေကတင်နိုင်တဲ့ဝိတ်ထက် ပိုလာရင် တိမ်းမှောက်မှုဖြစ်မှာပဲ”လို့ ပြောပါတယ်။

ကော့ကရိတ်-မြဝတီ(အာရှ)လမ်းမပေါ် ယာဉ်မတော်တဆ တိမ်းမှောက်မှုတွေ သေဆုံးဒဏ်ရာရရှိသူတွေအပြင် တိုက်ပွဲတွေကြောင့် ယာဉ်နဲ့ကုန်စည်တွေ မီးလောင်ဆုံးရှုံးတာတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် ယာဉ်မောင်းသူတွေအနေနဲ့ အသက် ခရီးသည်တွေရဲ့ အသက်အန္တရာယ်အတွက် သတိထားမောင်းနှင်းဖို့ တိုက်တွန်းချင်တယ်လို့ ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်ကစတင်ပြီး ကော့ကရိတ်-မြဝတီ(အာရှ)လမ်းမပေါ် KNLA၊ KTLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ကော့ကရိတ်- မြဝတီ(အာရှ)လမ်းကို ယာယီပိတ်ထားခဲ့ရပါတယ်။

ခရီးသည်နဲ့ ကုန်စည်တင်ယာဉ်တွေဟာ လမ်းပြန်လည်ပိတ်မှာကိုစိုးရိမ်တာ၊ ကုန်စည်စီးဆင်းရာ လမ်းတလျှောက် လမ်းတံတားကြေးအပြင်၊ စစ်ကောင်စီပူးပေါင်းဂိတ်တွေကို ငွေကြေးပေးဆောင်နေရတဲ့အတွက် ခရီးသည်နဲ့ ကုန်စည်တွေကို ပိုမိုတင်ဆောင် သွားလာနေတာတွေ ရှိပါတယ်။

3 mins Ago

April 4, 2022

ကော့ကရိတ်-မြဝတီ အာရှလမ်းတွင် တိုက်ပွဲပြင်းထန်၊ ကား ၄ စီး မီးရှို့ခံရ

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ၊ အာရှလမ်းမကြီး၊  ဆိတ်ဖူးတောင်အနီးမှာ ဧပြီ ၄ ရက် မနက် ၇ နာရီလောက်ကစတင်ကာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ခရီးသည်တင်မှန်လုံယာဉ်တွေအပါအဝင် ကား ၄ စီး မီးရှို့ခံထားရပါတယ်။

မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ဖို့ ကေအန်ယူက မေတ္တာရပ်ခံထားပေမဲ့ စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းဌာနတွေက ပုံမှန်သွားလာလို့ရပြီဆိုတဲ့ သတင်းမှားကြောင့် အခုလို မီးရှို့ခံရတာလို့ ကုန်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။

“နိုင်ငံပိုင်သတင်းတွေ နားထောင်တော့ အေးချမ်းပြီ။ ယာဉ်တွေသွားလာနေတယ်ဆိုတော့ အေးဆေးသွားပြီထင်တာ။ မနက်စောစော ဘားအံကနေ စထွက်လာပြီးတော့ တောင်ပေါ်ဆက်တက်ခဲ့တာ။ ဆိတ်ဖူးတောင်ကွေ့ရောက်ရုံရှိသေးတယ်  သေနတ်သံတွေကြားရတော့ ပြန်လှည့်လို့မရတော့ဘူး။ အခုမီးလောင်ထားတဲ့နေရာရောက်တော့ ကားတွေပါ မီးရှို့ခံထားရတာတွေ့တယ်။” 

အာရှလမ်းပေါ် ယာဉ်တချို့ပိတ်မိနေပြီး ဘားအံဘက်မှ လာရောက်တဲ့ မော်တော်ယာဉ်တွေဟာ ကော့ကရိတ်မြို့နဲ့ မြဝတီဘက်ကမောင်နှင်းလာတဲ့ မော်တော်ယာဉ်တွေဟာ သင်္ကန်းညီနောင်ကနေ ပြန်လှည့်ပြန်သွားကြတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲနဲ့ ကားမီးလောင်မှုနဲ့ပတ်သက်လို့ KNLA တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

မတ် ၂၇ ရက်ကစတင်ပြီး ကော့ကရိတ်-မြဝတီ အာရှလမ်းနဲ့ မြဝတီ-ဝေါလေ လမ်းပိုင်းတွေမှာ သွားလာနေတဲ့ ခရီးသွားယာဉ်တွေ၊ ကုန်စည်ယာဉ်တွေအနေနဲ့ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ က အသိပေးထုတ်ပြန်ထားပါတယ်။

ကော့ကရိတ်တောင်ပိုင်းနဲ့ လေးကေ့ကော်ဒေသတွေမှာ လာရောက်တပ်စွဲနေတဲ့ စစ်ကောင်စီရဲ့တပ်တွေက ပြည်သူလူထုတွေရဲ့ ဘဝရပ်တည်မှုတွေကို နှောင့်ယှက်နေတဲ့အပြင် စစ်ကောင်စီရဲ့ တပ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းအတွင်း ပြည်သူတွေ ထိခိုက်မှုမရှိစေဖို့ ဖြတ်သန်းသွားလာတာတွေကို ယာယီရပ်ဆိုင်းထားဖို့ အခုလို ထုတ်ပြန်ခဲ့တာပါ။

စစ်ကောင်စီရဲ့တပ်တွေဟာ အရပ်သားပြည်သူတွေနဲ့ မော်တော်ယာဉ်တွေကို အကာအကွယ်ယူပြီး ပြည်သူလူထုတွေရဲ့ စားဝတ်နေရေး၊ စီးပွားရေးလူမှုရေးကိစ္စတွေ လိုအပ်ချက်တွေကို ခုတုံးလုပ်ကာ စစ်ရေးလှုပ်ရှားမှုတွေရှိနေတဲ့အတွက် ပြည်သူလူထုတရပ်လုံးက ပူးပေါင်းကူညီပါဝင်ပေးဖို့ ကေအန်ယူက အထူးမေတ္တာရပ်ခံထားပါတယ်။

ဒါအပြင် ကော့ကရိတ်-မြဝတီ အာရှလမ်းနဲ့ မြဝတီ-ဝေါ်လေ လမ်းပိုင်းပိတ်လိုက်တဲ့ ထုတ်ပြန်ချက်ဟာ ပြန်လည်ပယ်ဖျက်တဲ့ ထုတ်ပြန်ကြေညာ မထုတ်မပြန်မချင်း အတည်ဖြစ်တယ်လို့ ဆိုပါတယ်။

မတ် ၁၁ ရက်နောက်ဆုံးထားပြီး ကေအန်ယူ တပ်မဟာ ၆ နယ်မြေကနေ စစ်ကောင်စီတပ်တွေ ပြန်လည်ရုပ်သိမ်းဖို့ သတိပေးခဲ့ပေမဲ့ စစ်ကောင်စီက မရုပ်သိမ်းတဲ့အပြင် လူအင်းအားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်နေတာပါ။

7 months Ago
Up