ကော့စတာရီကာနိုင်ငံက ကမ်းရိုးတန်းမြို့ လီမွန်က သင်္ဘောဆိပ်မှာတွေ့တဲ့ ကုန်သေတ္တာ တလုံးကနေ ကိုကင်း ၂၅၇၅ ထုပ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ မူးယစ်ထိန်းချုပ်ရေး အာဏာပိုင်တွေက နိုဝင်ဘာ ၁ ရက်မှာ ပြောပါတယ်။
တရားဝင် ကုန်စည်အဖြစ် ကြမ်းခင်းကြွေပြားတွေ သယ်လာတဲ့ ကုန်သေတ္တာထဲမှာ ကိုကင်းတွေကို ထည့်လာပြီး ဥရောပကို ပို့ဖို့ ဖြစ်နိုင်တယ်လို့ ကော့စတာရီကာ ပြည်သူ့လုံခြုံရေး ဝန်ကြီး မိုက်ကယ် ဆိုတိုက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
ဒီမူးယစ်ဆေးတွေဟာ ကော့စတာရီကာနိုင်ငံမိုအင်ဆိပ်ကမ်းကို မရောက်ခင် ကိုလံဘီယာနိုင်ငံကို ဖြတ်သန်းခဲ့ပြီးသားပါ။
ရာဇဝတ်အုပ်စုတွေဟာ တခြား စီးပွားရေးလုပ်ငန်းတွေနဲ့ ဆင်တူဖွဲ့စည်းပုံကို လိုက်နာ လုပ်ဆောင်နေပြီး သူတို့အတွက် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေဟာ အင်မတန် အလုပ်များတဲ့ လတွေ ဖြစ်လာတယ်လို့ ဝန်ကြီးက ကြေညာချက်ထဲမှာ ပြောပါတယ်။
ဒါကြောင့် ကျနော်တို့ဟာ ဒါမျိုး ဖြစ်စဉ်တွေ ဖြစ်မလာအောင် ဟန့်တားဖို့ အမေရိကန်၊ ကိုလံဘီယာ နဲ့ ပနားမားနိုင်ငံတွေက အာဏာပိုင်တွေနဲ့ ပူးတွဲညှိုနှိုင်း စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တယ်လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာလအတွင်း နိုင်ငံထဲမှာ ကိုကင်း ကီလို တသောင်းခွဲထက် မနည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကော့စတာရီကာ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန မူးယစ်ထိန်းချုပ်ရေး ရဲတပ်ဖွဲ့ရဲ့ တရားဝင် ကိန်းဂဏန်းတွေက ပြထားပါတယ်။