ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှာ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ ညနေပိုင်းက နန်းထိုက်အောင် စစ်ဆင်ရေးလှုပ်ရှားမှုအဖြစ် စစ်ကောင်စီယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။
ညောင်ထောက်ကျေးရွာနဲ့ တကူပုံကျေးရွာကြားမှာ စစ်ကောင်စီယာဉ်တန်းကို တောင်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ညနေ ၅ နာရီဝင်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
“နန်းထိုက်အောင်စစ်ဆင်ရေးပါ။ ရန်သူယာဉ်တန်းဖြတ်သန်းမယ့်အချိန်နဲ့ အင်အားအခြေအနေကို အတွင်းသတင်းကြိုရထားတော့ စစ်ဆင်ရေး ဆောင်ရွက်ရတာ ပိုကောင်းသွားတာပေါ့။ မြေပြင်ဒေသခံတွေဆီက သိရတာကတော့ အတော်များများ သေမယ့်အနေအထားပါပဲ။ အပိုင်ပစ်ရတာကိုး”လို့ ပြောပါတယ်။
အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အနည်းဆုံး တယောက် သေဆုံးကာ အများအပြားဒဏ်ရာပြင်းထန် ရရှိခဲ့တာကြောင့် အရေးပေါ်ဆေးကုသမှုခံနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီယာဥ်တန်းပစ်ခတ်ခံရပြီးနောက် ကျိုက်ထော်မီးသတ်မှ စစ်သား ၃၀ ကျော်၊ ရေကျော်ရွာမှ စစ်သား ၈ ဦး၊ လေကာတပ်မှ အင်အား ၃၀ ကျော် အခင်းဖြစ်ရာဝန်းကျင်ကို ရောက်ရှိလာပြီး တောနင်းရှာဖွေ ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
နန်းထိုက်အောင်စစ်ဆင်ရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံတောင်ပိုင်းရဲ့ မြို့ပြစစ်ဆင်ရေးဖြစ်ပြီး သင်္ကြန်မတိုင်ခင်ကတည်းက စစ်ဆင်ရေး စတင်နေတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သတ်ဆက်နွှယ်နေတဲ့ ပစ်မှတ်အကုန်လုံးကို တိုက်ခိုက်သွားမယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ရန်ကုန်တိုင်း၊ ကော့မှူးမြိုနယ်မှာ အောက်တိုဘာ ၆ ရက်နေ့ ညပိုင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ မြို့ပေါ်ပြောက်ကျားစစ်ဆင်ရေး တစ်ရပ်ပြုလုပ်ခဲ့တယ်လို့ ကော့မှူး PDF ကပြောပါတယ်။
ပြောက်ကျားစစ်ဆင်ရေးအဖြစ် မနေ့ည ၇ နာရီလောက်က မှော်တောကျေးရွာရှိ သတင်းပေးဒလန် ၃ ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ည ၈ နာရီလောက်မှာတော့ ကျိုက်ထော်ကနေ လာတဲ့ စစ်ကားတစီးကို လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ခန့်မှန်း ၉ ယောက်လောက်သေဆုံးပြီး တပ်ကြပ် တယောက် အပါအဝင် ၄ ယောက် ဒဏ်ရာရပြီး တချို့က ကျိုက်ထော်ဆေးရုံမှ ရန်ကုန်ဆေးရုံသွားဖို့ လူနာတင်ကားပေါ်အရောက်မှာ သေဆုံးသွားတယ်လို့ ကော့မှူး PDFက အတည်ပြုပြောပါတယ်။
အဆိုပါ စစ်ဆင်ရေးမှာ ကော့မှူးမြို့နယ်က PDF ရဲဘော်တွေတော့ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အောက်တိုဘာလ ၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ကော့မှူးမြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ အင်အား ၂၀၀ လောက်နဲ့ ဝင်ရောက် စစ်ဆေးနေပါတယ်။