close

ကော့သောင်း-ရနောင်း

close

March 4, 2022

ကော့သောင်း-ရနောင်း နယ်စပ်ကုန်သွယ်မှု တိုးမြင့်လာ

ရုရှားနှင့် ယူကရိန်းတို့ကြား စစ်ရေးပဋိပက္ခဖြစ်ပြီးနောက်မှာ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်မှတဆင့် မြန်မာနိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှု တိုးမြင့်လာတာကို တွေ့ရကြောင်း ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းမှာ  ရေးထားပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဆုတ်ယုတ်လာမယ်လို့ အထိတ်တလန့် ခန့်မှန်းပြောဆိုနေကြတာတွေကြောင့် ထိုင်းနိုင်ငံ ရနောင်းခရိုင်နဲ့ မြန်မာနိုင်ငံ ကော့သောင်းမြို့တို့အကြား နယ်စပ်ကုန်သွယ်မှုက ပိုလို့တောင် သွက်လာတယ်လို့ ရနောင်းကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌက  မတ်လ ၃ ရက်မှာပြောပါတယ်။

လူသုံးကုန်ပစ္စည်းတွေနဲ့ လိုအပ်တဲ့ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်ကနေ မှာယူမှုပိုများလာကြောင်း သူက ပြောပါတယ်။

ရနောင်းနယ်စပ်ဂိတ်မှာ ကုန်တင် ကွန်တိန်နာယာဉ်တွေဟာ ကားတန်းအရှည်ကြီးတွေစီပြီး အနောက်ဘက် အိမ်နီးချင်းနိုင်ငံကို ဖြတ်သန်းဝင်ရောက်ဖို့ စောင့်နေကြကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ရနောင်းဟာ ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းတွေကို အဓိကအားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းကို တင်ပို့ပါတယ်။ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေအပြင် လူသုံးကုန်ပစ္စည်းတွေလည်း မြန်မာနိုင်ငံကနေ အမှာစာတွေ တိုးလာကြောင်း သူက ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကြမ်းဖက်မှုနဲ့  ကိုဗစ်-၁၉ ကူးစက်ရောဂါတို့အပြင် စိုးရိမ်စရာတခု ရှိနေပုံရပြီး နောက်ဆုံးပေါ် အကျပ်အတည်းက ကုန်စည်ပြတ်လပ်မှု ဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံကနေ ဝယ်လိုအားများတဲ့ ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းတွေကတော့ လောင်စာဆီနဲ့ ချောဆီတွေ၊ သံမဏိပိုက်တွေ၊ ဘိလပ်မြေ၊ သတ္တုထည်တွေ၊ ငါးဖမ်းပိုက်တွေနဲ့ အားဖြည့်အချိုရည်တွေ ဖြစ်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

7 mins Ago

March 21, 2020

စဖန်ဖလားဂိတ်မှလွဲ၍ ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်များ ထိုင်းဘက်က ယာယီပိတ်

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်နိုင်ရေးအတွက် ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်တွေကို ထိုင်းနိုင်ငံ ရနောင်းဘက်ခြမ်းကနေ အမြဲတမ်း ဖြတ်သန်းခွင့်ရှိတဲ့ စဖန်ဖလားဂိတ်ကလွဲပြီး ကျန်ဂိတ်အားလုံးကို ယာယီပိတ်လိုက်တယ်လို့ ရနောင်း တာဝန်ရှိသူတွေက မတ် ၂၀ ရက်နေ့က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဟာ လျင်မြန်စွာကူးစက်ပျံ့နှံ့နေပြီး အန္တရာယ်ကြီးမားတာကြောင့် ရနောင်းခရိုင်အတွင်း ကျယ်ပြန့်မလာစေဖို့ ထိန်းချုပ်တဲ့အနေနဲ့ မဖြစ်မနေ လုပ်ဆောင်ရတာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ယာယီဆိုင်းငံ့လိုက်တဲ့ ဂိတ်တွေကတော့ ရနောင်း-ကော့သောင်း အကောက်ခွန်ဌာန ဆိပ်ကမ်း အမြဲတမ်းဖြတ်သန်းရေးဂိတ်၊ ရနောင်း-ကော့သောင်း (Grand AndamanHotel) ဖြတ်သန်းရေးဂိတ်၊ ရနောင်းမှ သူဌေးကျွန်းကို သွားတဲ့ဂိတ်၊ ရနောင်းခရိုင် လာ့အူမြို့ ခေါင်ဖာချီကျေးရွာမှ ယာယီဖြတ်သန်းရေးဂိတ် (ကီလို ၃၀ ဂိတ်) တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါဂိတ်တွေကို မတ် ၂၀ ရက်နေ့က အခြေအနေ ပုံမှန်ပြန်ဖြစ်တဲ့အထိ ယာယီပိတ်ထားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာဘက်ခြမ်း ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှာတော့ ယာယီ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်တွေနဲ့ နေ့စဉ် ပုံမှန်အလုပ်သွားလုပ်နေကြတယ်လို့ သိရပါတယ်။
2 years Ago
Up