လက်နက်ဝယ်မယ့်ငွေ ထိုင်းဘတ် သိန်း ၃၀ လိမ်သွားတဲ့ ထိုင်းနိုင်ငံသား ၂ ယောက်ကို စစ်ဆေးမေးမြန်းဖို့ ခေါ်ယူခဲ့တာလို့ ကော်သူးလေတပ်မတော် တာဝန်ရှိသူ တဦးက ပြောကြားလိုက်ပါတယ်။
ကော်သူးလေတပ်မတော် ဗိုလ်ဟယ်ရီရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ထိုင်းက ဖမ်းခံတယ်ဆိုတာ မဟုတ်ပါဘူး။ ကျောက်ခက်ရွာကိစ္စကလည်း ကျနော်တို့ကို လက်နက်ဝယ်ပေးမယ်ဆိုပြီး ဘတ် သိန်း ၃၀ လိမ်သွားတဲ့အတွက် စစ်ဆေးမေးမြန်းဖို့ ခဏခေါ်လာခဲ့တာပါ။ ကျနော်တို့လူတွေကိုတော့ ၁၃ ရက်နေ့ ညနေက ဖမ်းသွားတယ်။ ၁၄ ရက်နေ့ မနက် ၂ နာရီမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဖူးက ဖြေရှင်းပေးဖို့ လုပ်ပါတယ်”လို့ပြောပါတယ်။
ထိုင်းနိုင်ငံသားနှစ်ဦးကို စောနယ်ဒါးမြနဲ့ ဗိုလ်ဟယ်ရီတို့က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကော်သူးလေတပ်မတော် အသုံးပြုဖို့ ငွေကြေးပေးပြီး လက်နက်ဝယ်ခိုင်းခဲ့ရာမှာ ဘတ် သိန်း ၃၀ လောက်ကို ကရင်+ထိုင်း အမျိုးသမီးက လိမ်လည်သွားတဲ့အတွက် စစ်ဆေးမေးမြန်းဖို့ ခေါ်လာတာလို့လည်းပြောပါတယ်။
ကော်သူးလေတပ်မတော် (KTLA) ခေါင်းဆောင် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနဲ့ လုပ်ဖော်ကိုင်ဘက် ဗိုလ်ဟယ်ရီတို့ နှစ်ဦးကို ထိုင်းဘက်က ဖမ်းဆီးဖို့လုပ်နေတယ်ဆိုတဲ့ သတင်းတွေဟာလည်း မဟုတ်မှန်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
ကော်သူးလေတပ်မတော် (KTLA) ခေါင်းဆောင် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနဲ့ လုပ်ဖော်ကိုင်ဘက် ဗိုလ်ဟယ်ရီတို့ နှစ်ဦးကို ဖမ်းဆီးဖို့ ကန်ချနဘူရီခရိုင်နဲ့ တာ့ခ်ခရိုင် ထိုင်းအာဏာပိုင်တွေက ထိုင်းစစ်ဆေးရေးဂိတ်တချို့ကို ညွှန်ကြားထားပြီး ကော်သူးလေအာမီက ရဲဘော်တချို့ကို ထိုင်းရဲဖမ်းဆီးထားတယ်ဆိုတဲ့သတင်း မီဒီယာတချို့မှာ ဒီနေ့မနက်က ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
ကော်သူးလေတပ်ဖွဲ့ဝင်တွေက ထိုင်းနိုင်ငံဘက်ခြမ်း ကျောက်ခက်ရွာက ထိုင်းနိုင်ငံသား ၂ ဦးကို ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့အတွက် KTLA ခေါင်းဆောင် စောနယ်ဒါးမြကို ဖမ်းဆီးဖို့ ညွှန်ကြားတာလို့ သတင်းတွေထွက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ထိုင်းနိုင်ငံသားကတ် ရရှိထားသူဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းက တာ့ခ်ခရိုင်နဲ့ ကန်ချနဘူရီခရိုင်တွေကို မကြာခဏ ဝင်ထွက်သွားလာနေတယ်လို့ သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး- ကေအန်ယူလက်အောက်ခံ တပ်မဟာ (၄)နဲ့ ကော်သူးလေ တပ်မတော်တို့အနေနဲ့ ကရင်ပြည်သူလူထုရဲ့ မျက်နှာကို ထောက်ပြီး အမြန်ဆုံးဆွေးနွေးအဖြေရှာဖို့ တနင်္သာရီတိုင်းအတွင်းရှိ ကရင်ပြည်သူလူထုတွေက ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။
လတ်တလော ထွက်ပေါ်လာတဲ့အဆိုပါတပ်ဖွဲ့ ၂ ဖွဲ့ရဲ့ အပြန်အလှန် ထုတ်ပြန်ချက်တွေကြောင့် တဖက်နဲ့ တဖက် ဆက်ဆံရေးပိုမိုတင်းမာလာတာတွေ့ရှိလာရပြီး ကရင်အမျိုးသားလက်နက်ကိုင်အချင်းချင်းအကြား ဖြစ်ပေါ်တဲ့ ပဋိပက္ခတွေဖြေရှင်းရာမှာ လက်နက်နဲ့ ဖြေရှင်းတာဟာ ကရင်လူထုအနေနဲ့ လုံးဝလက်ခံနိုင်တဲ့ အရာမဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ပဋိပက္ခ ကြီးထွားလာပါက၊ ကရင်အမျိုးသားအတွင်းသာမက ကရင်မဟုတ်တဲ့ လူမျိုးစုတွေအကြား မလိုလားအပ်တဲ့ တင်းမာမှု၊ မုန်းတီးမှုတွေဖြစ်ပေါ်လာစေနိုင်ပြီး ပြည်သူလူထု အကြား စိတ်ဝမ်းကွဲမှု၊ မယုံကြည်မှုတွေကိုလည်းဖြစ်ပေါ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
တနင်္သာရီတိုင်းအတွင်းရှိကရင်ပြည်သူလူထုများကိုယ်စား ပြောခွင့်ရသူ နော်ထီးခူက “အခုကျမတို့ရဲ့ ဘုံရန်သူကတော့ စကစ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ကျမတို့ရဲ့ ပန်းတိုင်က တူတာဖြစ်တဲ့အတွက် တဖက်နဲ့တဖက်ပဋိပက္ခဖြစ်ရင် ရန်သူရဲ့ ထောင်ချောက်ဖြစ်တယ်။ ကျမတို့ အဲလိုဖြစ်သွားမယ်ဆိုလို့ရှိရင် ကျမတို့ အဓိက တိုက်ထုတ်ချင်တဲ့ ရည်မှန်းချက်တို့ ဘုံရန်သူတို့က ပျောက်သွားပြီးတော့ ကျမတို့ ဒီလက်နက်ကိုင်အချင်းချင်းပြန်ပြီးတော့မှ တိုက်မယ်ဆိုလို့ရှိရင် ပြည်သူတွေအနေနဲ့ ပိုပြီးနစ်နာခံစားမှုတွေ များကြီးရှိမယ်။ ဆိုတော့ အဲဒါ ကျမတို့ ကရင်ပြည်သူတွေအနေနဲ့ အေးချမ်းစွာ တဖွဲ့နဲ့ တဖွဲ့ အဖြေရှာဖို့ပဲ ကျမတို့က တိုက်တွန်းလိုတယ်။ တဖွဲ့နဲ့တဖွဲ့ လက်နက်ပဋိပက္ခနဲ့ ဖြေရှင်းတဲ့ဟာ လုံးဝ သဘောမတူဘူးပေါ့” လို့ ပြောပါတယ်။
ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့- KNDOရဲ့ စစ်ဦးစီးချုပ် တာဝန်မှရပ်ဆိုင်းခြင်းခံခဲ့ရတဲ့ ဗိုလ်မှူးချုပ် စောနယ်ဒါးမြဟာ ကော်သူးလေတပ်မတော်-KTLA ကို ဖွဲ့စည်းလိုက်ကြောင်း ပြီးခဲ့နှစ် ဇူလိုင် ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုထုတ်ပြန်ပြီးတဲ့နောက် ဗိုလ်စောအယ်ခွီဦးဆောင်တဲ့ ကော်သူးလေတပ်ဖွဲ့က ကေအန်ယူတပ်မဟာ (၄) နယ်မြေအတွင်း လှုပ်ရှားနေပြီး ကေအန်ယူတပ်မဟာ ၄ နဲ့အပြန်အလှန် ထိပ်တိုက်ပဋိပက္ခတွေရှိခဲ့ပါတယ်။
အခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာတော့ ကေအန်ယူ တပ်မဟာ ၄ ကနေပြီး တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ PDF တွေအားလုံး ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ ကော်သူးလေတပ်ကနေ ထွက်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။
ဗိုလ်စောအယ်ခွီး အဖွဲဟာ ကေအန်ယူအုပ်ချုပ်ရေးကို ဝင်ရောက် နှောင့်ယှက်နေပြီး ကေအန်ယူကို ဆန့်ကျင်ပုန်ကန်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ကေအန်ယူ တပ်မဟာ (၄) ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါကြောင့် PDF တွေ အနေနဲ့ ကေအန်ယူကို ပုန်ကန်တဲ့ အဖွဲ့မဖြစ်စေဖို့ ဗိုလ်စောအယ်ခွီး အဖွဲ့ကနေ ထွက်ခွာကြဖို့အသိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ကော်သူးလေအာမီ ဗိုလ်စောအယ်ခွီး အဖွဲ့ကလည်း PDF တွေ အနေနဲ့ (ကေအန်ယူ တပ်မဟာ (၄) ကိုရည်ညွှန်းပြီး) စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အဖွဲ့အစည်းကနေ ထွက်ကြဖို့ တန်ပြန် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဗိုလ်စောအယ်ခွီးအဖွဲ့ရဲ့ ကြေညာချက်မှာတော့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အဖွဲ့တခုဟာ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ် ငွေညှစ် ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေတာကြောင့် အဲဒီအဖွဲ့ကနေ PDF တွေ ထွက်ခွာဖို့နဲ့ မထွက်ရင် ဖြစ်လာမယ့် အကျိုးဆက်ဟာ မလိုက်နာသူအပေါ်တွင် သာမူတည်မယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းအတွက် ကရင်လူမျိုးတွေအနေနဲ့ မဟာလူမျိုးကြီးဝါဒ ချုပ်ငြိမ်းရေး၊ လက်ရှိ အာဏာရှင်စနစ် အဆုံးသတ်ရေး၊ တရားမျှတမှုရှိပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ သာယာတဲ့ လူ့ဘောင်သစ်စနစ်ကိုသာ လိုလားထောက်ခံကြောင်း ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။