ဘုတလင်မြို့နယ်၊ ကံသစ်အရှေ့ရွာကို မေ ၆ ရက်နေ့ မနက်အစောပိုင်း ၃ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေ ၃ ရက်နေ့က ဘုတလင်မြို့နယ်၊ အုတ်ဖိုရွာက ဒေသခံအရပ်သား ၉ ဦးကို ပစ်သတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။
“မီးရှို့ခံရတာ ဘုတလင်-မုံရွာသွား ကားလမ်းအရှေ့ဘက်က ကံသစ်ရွာကို မီးရှို့တာ။ ဘုတလင်စခန်းကနေ နမခဘက် ပြန်ရင်း အခုလို လုပ်သွားတယ်။ သူတို့က ရုတ်တရက်ကြီး ဝင်လာတယ်ဆိုတော့ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရတယ်။ ဘာတွေ ဆုံးရှုံးလဲဆိုတော့ နွားတွေလည်း မလွတ်ခဲ့ရဘူး။ သူတို့လည်း မီးလောင်တဲ့အထဲ ပါသွားလောက်ပါပြီ။ အိမ်ခြေက ကျနော်တို့ရွာက ၄၀ လောက် ရှိတယ်။ အခုအထိ လောင်နေတုန်းပဲ။ ဘယ်သူမှ မဝင်ရဲသေးဘူး” လို့ ကံသစ်ဒေသခံတဦးက ပြောပါတယ်။
အခု စစ်ကောင်စီက မီးရှို့တဲ့ ကံသစ်ရွာဟာ ကံသစ်အရှေ့ရွာ၊ ကံသစ်အလယ်ရွာ၊ ကံသစ်အနောက်ရွာဆိုပြီး သုံးရွာရှိကာ အခု အရှို့ခံရတဲ့ရွာကတော့ ကံသစ်အရှေ့ရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။