close

ကျဆုံးပြည်သူပေါင်း ၁၆၅၀

close

March 12, 2022

စစ်တပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူပေါင်း ၁၆၅၀ ကျော်ရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်း ဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၆၅၂ ယောက်နဲ့ ဖမ်းဆီးထိန်း သိမ်းခံရသူပေါင်း ၁၂၆၁၇ ယောက်ထိရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ် ၁၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉၅၈၈ ယောက် လက်ရှိချုပ်နှောင်ခံထားရ ဆဲဖြစ်ပြီး အဲဒီထဲက ၈၃၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၃ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

မတ် ၈ ရက်နေ့လယ် ၁၂ နာရီခွဲအချိန်က အကြမ်းဖက်စစ်အုပ်စုက ရမ်းသန်းပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွယ်ထဲကျေးရွာမှာ ဆော့ကစားနေတဲ့ ကလေးတွေနား ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံရွာသား ဦးလှထွန်းရဲ့ ၇ နှစ်၊ ၁၀ နှစ်နဲ့ ၁၂ နှစ်ဝန်းကျင်အရွယ် ကလေး ၃ ယောက်နေရာတင် ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ဦးလှထွန်းနဲ့ အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာမှာလည်း စိတ်ကျန်းမာရေးကောင်းမွန်ခြင်းမရှိတဲ့ ဦးရုန်းဟူကို စစ်သားတွေက မတ် ၅ ရက်က ပစ်သတ်သွားခဲ့ကြောင်း သိရှိရပါတယ်။ ဦးရုန်းဟူဟာ စစ်သားတွေ ကျေးရွာထဲ ဝင်လာတဲ့အချိန်မှာ ထွက်မပြေးဘဲ အိမ်မှာ ကျန်ရစ်ခဲ့တာဖြစ်ပြီး ဦးခေါင်းနဲ့ ရင်ဘတ်ကို ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန် ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

3 mins Ago
Up