ဖယ်ခုံတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ ယောက်ကို အာဇာနည်သူရဲကောင်းတွေအဖြစ် အသိအမှတ်ပြု အလေးပြုရင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ ရှေ့ဆက်လျှောက်လှမ်းသွားမှာဖြစ်တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် (၃) က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ အရှေ့ဖက်ကမ်းဒေသဆီ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တွေကို KNDF တပ်ရင်းအမှတ် (၃)၊ ဖယ်ခုံ PDF တပ်ရင်း (၂) နဲ့ အလယ်ပိုင်းတိုင်း PDF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးတော့ တပ်ရင်းအမှတ် (၃) က ရဲဘော် ၂ ယောက်နဲ့ ဖယ်ခုံ PDF က ရဲဘော် ၁ ယောက် ကျဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်နက်တွေကို လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီးတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါ တယ်။
ကရင်နီပြည်နယ်ဟာလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတခုဖြစ်တာမို့ အကြမ်းဖက်စစ်အုပ်စုကို ခုခံတွန်းလှန်ဖို့ လက်နက်လိုအပ်ချက်အတွက် KNDF တပ်ရင်းအမှတ် (၃) က ပထမဆုံး ပြုလုပ်တဲ့ “လူထုလက်ဆောင် AK ကျည် ၅၀၀၀” ကမ်ပိန်းမှာ ပါဝင်ထောက်ပံ့နိုင်ကြဖို့လည်း ပြည်သူတွေကို ဖိတ်ခေါ်ထားပါတယ်။
ပါဝင်ထောက်ပံ့ကူညီလိုတဲ့ ပြည်သူတွေအနေနဲ့ မဲလက်မှတ်တစ်စောင်ကို မြန်မာငွေ ၂၀၀၀၀ ကျပ်နဲ့ ပါဝင်နိုင်မှာဖြစ်ပြီးတော့ သတ်မှတ်မဲအစောင်ရေ ၁၅၀၀ သာရောင်းချသွားမှာဖြစ်ကာ KNDF တပ်ရင်းအမှတ် (၃) ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကတဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက “ပျံလွှားအောင် မြို့ပြစစ်ဆင်ရေး” မှာ ကျဆုံးခဲ့တဲ့ ရဲဘော်တယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က "အသက်စွန့်သူရဲကောင်းတံဆိပ်" ချီးမြှင့်လိုက်ပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F တပ်ဖွဲ့ဝင် ကိုယ်ပိုင်အမှတ် SA - 033 ရဲဘော်ငဆက်ဟာ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးရဲ့ “ပျံလွှားအောင် မြို့ပြစစ်ဆင်ရေး” တာဝန်ထမ်းဆောင်ရင်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်ည ၈ နာရီလောက်မှာ ရန်ကုန်ုမြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်ထဲမှာ ရန်သူစစ်ကောင်စီတပ်ကို ခုခံရင်ဆိုင်တိုက်ခိုက်ရင်း တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့တာ ဖြစ်ပါတယ်။
ရဲဘော်ငဆက်ဟာ တပ်စုမှူးတယောက်ဖြစ်ပြီး တပ်ဖွဲ့ကနေ ပေးအပ်တဲ့ တာဝန်တွေကို သက်စွန့်ကြိုးပမ်း ကြိုးစားဆောင်ရွက်ခဲ့တဲ့အတွက် NUG အစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကနေ ဒီဆုတံဆိပ်ကို ပေးအပ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း တိုင်း ၃ တိုင်းကို ပေါင်းပြီး ဟံသာဝတီခရိုင်လို့ သတ်မှတ်ကာ ပျံလွှားအောင်စစ်ဆင်ရေးဆိုပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက ကြေညာတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
ကျဆုံးရဲဘော် ငဆက်အတွက် တပ်ဖွဲ့မှူးက အမှတ်တရ ကဗျာတစ်ပုဒ် ရေးစပ်ဂုဏ်ပြုထားပါ တယ်။
ကျဆုံးရဲဘော် ငဆက်အတွက် အမှတ်တရ
"သူရဲကောင်းကဗျာ"
ကြယ်ကြွေတိုင်း ဝမ်းနည်းပေမဲ့
ကြယ်တွေမြေမခဘူးဆိုတာသိရမယ်၊
အရှိန်အဟုန်နဲ့ ဝဲပျံရင်း
အလင်းနဲ့ပြင်းအားကို မြင်လိုက်ရတယ်မလား၊
တစ်စင်းကြွေဆင်းသွားတိုင်း
ကောင်းကင်မှာ တစ်ဆိုင်းလုံးပြန်လင်းလက်မယ်၊
သူရဲကောင်းတစ်ယောက်ကျဆုံးသွားတိုင်း
သန်းငါးဆယ်သော သူရဲကောင်းတွေရှိတယ် . . . ။
#အောင်စံရှား
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။