close

ကျန်းမာရေးကောင်း

close

July 2, 2021

ထိန်းသိမ်းခံ အမေရိကန်ဂျာနယ်လစ် ကျန်းမာရေးကောင်း

အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်ဂျာနယ်လစ် ဒန်နီဖှန်စတာဟာ ကိုယ်အလေးချိန် ကျနေပုံပေါ်ပေမဲ့  နေကောင်းကျန်းမာတယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။ 

“ဒန်နီကို   ကြည့်ရတာ ပိန်သွားပြီး ကိုယ်အလေးချိန်လည်း  ကျနေတယ်။ သူ အဆင်ပြေပြီး နေကောင်းတယ်ဆိုတာ တခြားသူတွေကို ပြောပြဖို့ မှာတယ်” လို့ ရှေ့နေ ဦးသန်းဇော်အောင်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ ရက်ကပြုလုပ်ခဲ့တဲ့ သူ့အမှုကြားနာချိန်က ၁၀ မိနစ်လောက်ပဲ ကြာတယ်လို့ ဆိုပါတယ်။ လှုံ့ဆော်မှုနဲ့ စွဲဆိုထားတဲ့ သူ့အမှုကိုတော့ တရားရုံးက ဇူလိုင် ၁၅ ရက်ကို ရွှေ့ဆိုင်းလိုက်တယ် လို့လည်း ဆိုပါတယ်။ 

ရိုက်တာသတင်းဌာနကတော့ တရားရုံး မှတ်ချက်တောင်းခံလို့ မရခဲ့သလို ဖှန်စတာကိုလွှတ်ပေးဖို့ တောင်းဆိုထားတဲ့ အမေရိကန်သံရုံးကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်း မတုံ့ပြန်ပါဘူး။ 

အသက် ၃၇ နှစ်အရွယ် ဖှန်စတာကို မေလက ရန်ကုန်လေဆိပ်မှာ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ပြင်ဆင်ချိန်မှာ ဖမ်းဆီးခဲ့တာပါ။

ဖှန်စတာဟာ Frontier Myanmar သတင်းဌာနရဲ့  မန်နေးဂျင်းအယ်ဒီတာဖြစ်ပြီး  သူ့အပေါ် ဆူပူလှုံ့ဆော်မှု စွဲချက်တွေဟာ မနှစ်က ထုတ်ဝေခဲ့တဲ့ တခြား အကြောင်းအရာတစ်ခုမှာ သူ့ရဲ့တာဝန်ယူမှုနဲ့ဆက်စပ်နေတယ်လို့ ရှေ့နေက ပြောပါတယ်။ 

စွဲချက်တွေဟာ ထောင်ဒဏ် ၂ နှစ်အထိ ပြစ်ဒဏ်ကျစေနိုင်တယ်လို့လည်း ဆိုပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ အာရှဒါရိုက်တာ ဖိးလ်ရော်ဘတ်ဆင်ကတော့ ဖှန်စတာကို ဆက်လက်ထိန်းသိမ်းထားတာဟာ အလွန်ဆိုးရွားပြီး လက်မခံနိုင်စရာဘဲလို့ ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို လွတ်လွတ်လပ်လပ် သတင်းပေးပို့ အစီရင်ခံတာကို ရာဇ၀တ်မှုအဖြစ် မသတ်မှတ်သင့်ဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

4 mins Ago
Up