close

ကျန်းမာရေးစစ်ဆေး

close

August 11, 2022

ပေါက် ပြည်သူ့ပညာရေး စာသင်ကျောင်းက ကလေးငယ်များကို PPC က ကျန်းမာရေးစစ်ဆေးပေး

မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းက ပြည်သူ့ပညာရေး အစီအစဥ်နဲ့ ဖွင့်လှစ်တဲ့ စာသင်ကျောင်းက ကလေးငယ်တွေကို သြဂုတ် ၁၀ ရက် နေ့လယ်ပိုင်းမှာ အနောက်ပိုင်းတိုင်း တပ်မဟာ ၇၊ တပ်ရင်း ၇၁၂၊ ပြည်သူ့စွမ်းအားတပ်ပေါင်းစု PPC က ကျန်းမာရေး စစ်ဆေးပေးပြီး အဝတ်အထည်တွေ ဝေငှပေးခဲ့တယ်လို့ PPC က ပြောပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတရွာမှာ သြဂုတ် ၁၀ ရက် နေ့လယ်ပိုင်းက NUG အစိုးရရဲ့ အစီအစဥ်နဲ့ ဖွင့်လှစ်တဲ့ ပြည်သူ့ပညာရေးကျောင်းက ကလေးငယ် ၂၀၀ ကျော်လောက်ကို ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ပေးခဲ့ပြီး မူလတန်း ကလေးငယ်တွေကိုတော့ အဝတ်အထည်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ PPC ရဲ့ ပြင်ပဆက်ဆံရေးနဲ့ ဆေးဘက်ဆိုင်ရာ တာဝန်ခံ သုတက ဒီဗွီဘီကို ပြောပါတယ်။

“ကျောင်းသူ ကျောင်းသားတွေကို ကျန်းမာရေးစစ်ဆေးပေးပြီး တကိုယ်ရေ သန့်ရှင်းမှုတွေ ပြုလုပ်ဖို့ ပြောခဲ့တယ်။ ကလေးတွေမှာတော့ သွားရောဂါနဲ့ပတ်သက်လို့ အဖြစ်များတာ တွေ့ရတယ်။ အဲဒါနဲ့ပတ်သက်လို့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်။”

ဒါ့အပြင် မိုးရာသီရောက်ပြီဖြစ်တာကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နေတဲ့ ကလေးငယ် ၂ ယောက်နဲ့ သံသယလူနာ ၂ ယောက် တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

“သွေးလွန်တုပ်ကွေးရောဂါက ရက်ရှည်ကုသ စောင့်ရှောက်ရတာဖြစ်လို့ လောလောဆယ် ဘယ်လိုနေထိုင်ရမယ်၊ ဘာစားရမယ် ဆေးလမ်းညွှန်ခဲ့တယ်။ ဒါ့အပြင် PPC ဆေးခန်းမှာ ဆေးကုသမှု ခံယူဖို့ကိုလည်း လမ်းညွှန်ဖိတ်ကြားလာခဲ့တယ်” လို့ ပြင်ပဆက်ဆံရေးနဲ့ ဆေးဘက်ဆိုင်ရာတာဝန်ခံက ပြောပါတယ်။

PPC အနေနဲ့ ကျောင်းကျန်းမာရေးအတွက် တလတကြိမ် စစ်ဆေးနိုင်အောင် စီစဥ်ထားပြီး မိဘပြည်သူတွေအနေနဲ့လည်း မိမိတို့ တတ်နိုင်သရွေ့ ထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးကာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီး ရွာတွေကို မီးရှို့ဖျက်ဆီးတာကြောင့် ဒေသခံပြည်သူ ၂၀,၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကာ PDF စခန်းတချို့လည်း ဘေးကင်းလုံခြုံတဲ့ နေရာတွေကို ရွှေ့ပြောင်းလိုက်ရတယ်လို့ သိရပါတယ်။

6 mins Ago

September 9, 2020

သင်္ဃန်းကျွန်းနေ ပြည်သူ ၉၆၀၀၀ ကျော်ကို ကျန်းမာရေးစစ်ဆေးရာ ကိုဗစ်-၁၉ သံသယမတွေ့

ရန်ကုန်တိုင်းထဲက ကိုဗစ်-၁၉ ပိုးတွေ့သူအများဆုံး မြို့နယ်ဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူ ၉၆၀၀၀ ကျော်ကို မနေ့က ကျန်းမာရေးစစ်ဆေးရာမှာ ကိုဗစ်-၁၉ သံသယမတွေ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဒီဗွီဘီကိုပြောပါတယ်။ မနေ့က သင်္ဃန်းကျွန်းမြို့နယ်ရှိရပ်ကွက် ၁၀ ခုက ပြည်သူ ၉၆၀၀၀ ကျော်ကို ကား ၁၀ စီးနဲ့ သတ်မှတ်နေရာတွေမှာ အပူချိန်တိုင်းတာတွေ၊ ဖျားနာခြင်း၊ နှာစေးခြင်း၊ အသက်ရှုကြပ်ခြင်း စတဲ့ ရောဂါလက္ခဏာတွေကို စစ်ဆေးပေးခဲ့ပြီးနောက် ဖျားနာလို့ လာပြတဲ့သူ ၅ ယောက်ရှိပြီး၊ သူတို့ကို သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံကြီးကို ပို့ဆောင်ခဲ့ရာမှာ ဆေးရုံက ဖျားတာလို့ပြောပြီး ပြန်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။ မြန်မာပြည် ကူးစက်မြန် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းအတွင်း ပိုးတွေ့လူနာ များပြား လာတဲ့ သင်္ဃန်းကျွန်း၊ တာမွေ၊ တောင်ဥက္ကလာ၊ သာကေတစတဲ့မြို့နယ်တွေက ပြည်သူတွေကို ကျန်းမာရေးစစ်ဆေးပေးတာတွေ ဆက်လုပ်ပေးသွားမယ်လို့ မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနတွေက ပြောပါတယ်။  ပိုးတွေ့လူနာများတဲ့ မြို့နယ်တွေကို ကျန်းမာရေးစစ်ဆေးတာအပြင် ဒိထက်ပိုပြီး ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ပေးစေချင်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈၀၇ ယောက်ရှိပြီး ဒီထဲက ရန်ကုန်တိုင်းမှာ ၉၇၁ ယောက်ပါဝင်ကာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေထဲမှာတော့ သင်္ဃန်းကျွန်းမြို့နယ်ဟာ ကူးစက်မှုအရှိန်မြင့်တဲ့ကာလ သြဂုတ် ၂၇ ရက်ကနေ ဒီမနက်အထိ လူနာပေါင်း ၁၇၀ နဲ့ အများဆုံးတွေ့ရပါတယ်။
2 years Ago
Up