ရခိုင်ပြည်နယ်မှာ၊ သောက်သုံးရေရှားပါးမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရှိလို့ ကလေးသူငယ်တွေ၊ ကျောင်းသား၊ ကျောင်းသူတွေအပါအဝင် ဒေသခံတချို့ အရေပြားရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား၊ ရသေ့တောင် စသတဲ့မြို့နယ်တွေမှာရှိတဲ့ ကျေးရွာတချို့မှာ အရေပြားရောဂါတွေ အဓိက ဖြစ်ပွားနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာသားတစ်ဦးက''မုန်တိုင်းတိုက်ပြီးကတည်းက ရေကသောက်ရင် ငန်ပါတယ်။ အဲဒီနောက်ပိုင်း ယားနာတွေ ဖြစ်ကြပါတယ်။ ကလေးရော၊ လူကြီးပါ။ ပိုက်ဆံမရှိတော့ စစ်တွေမှာ သွားမကုနိုင်ကြပါဘူး။ လိမ်းဆေးတွေဝယ်ပြီး အိမ်မှာပဲကုကြပါတယ်''လို့ MPA ကိုပြောပါတယ်။
ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှာတော့ သောက်သုံးရေ မသန့်ရှင်းလို့ ကျောင်းသား၊ ကျောင်းသူ၊ ကလေးသူငယ်တွေ အပါအဝင် လူကြီးတွေပါမကျန် အရေပြားယားယံမှုဝေဒနာကို ခံစားနေကြရပါတယ်။
ဒီဒေသမှာ အသက် ၅ နှစ်အရွယ် ကလေးငယ်တွေ ဝမ်းရောဂါ မကြာခဏဖြစ်လေ့ရှိပြီး တစ်ရွာလုံးအသုံးပြုနေကြတဲ့ သောက်သုံးရေကန်တွေမှာ ဆားငံရေတွေ ဝင်ရောက်နေလို့ မသန့်ရှင်းတော့ဘူးလို့ ရွာသားတွေက ပြောပါတယ်။
ရခိုင်အခြေစိုက် သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတစ်ဦးက''ရာသီဥတု ပြောင်းလဲမှုကြောင့် ပြီးခဲ့တဲ့မိုးရာသီက ရခိုင်မှာ မိုးတအားခေါင်ခဲ့ပါတယ်။ အဲဒီ အကျိုးဆက်က အခု ရေရှားပါးလာပါတယ်။ နောက်ပြီး အနာရောဂါတွေလည်း ပိုဖြစ်လာကြတယ်''လို့ MPA ကို ပြောပါတယ်။
သဲခုံကျေးရွာမှာ အိမ်ခြေ ၄၀၀ ခန့်၊ လူဦးရေ ၁၉၀၀ ခန့်ရှိပြီး ကျေးရွာနေ ပြည်သူအများစုက ရေလုပ်ငန်းကို လုပ်ကိုင်ကြတာပါ။ ဒီရွာမှာ သောက်သုံးရေပြဿနာကို နှစ်စဥ်ကြုံတွေ့နေကြရပေမဲ့ အခုနှစ် မိုးရာသီက မုန်တိုင်းကြောင့် သောက်သုံးရေကန်တွေထဲကို ပင်လယ်ရေတွေ ဝင်ရောက်ခဲ့ပါတယ်။
ဒါကြောင့် ဆားငံရေဝင်နေတဲ့ ရေတွေကိုသာ သောက်သုံးနေရတဲ့အပြင် ရွာမှာ ကျေးလက်ကျန်းမာရေးဌာနလည်း မရှိလို့ ကျန်းမာရေးစောင့်ရှောက်မှုလည်း မရရှိဘူးလို့ ရွာသားတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှုတွေကို မြို့ပေါ်မှာသာ ဟန်ပြလုပ်ဆောင်ပြနေပေမဲ့ အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေကိုတော့ ရောက်မလာကြဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
Photo&News -MPA/Ni Ni
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းမှာ ၅ နှစ်အောက် ကလေးငယ် ၅၀ ကျော်လောက် နာမကျန်းဖြစ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ဝါးတောင်စစ်ဘေးရှောင်စခန်းက ၅ နှစ်အောက် ကလေးငယ် ၅၀ ကျော်လောက်ဟာ စက်တင်ဘာလ ၁၆ ရက်နေ့လောက်ကစလို့ ချောင်းဆိုး၊ ရင်ကြပ်၊ အသက်ရှူကြပ်တာနဲ့ ဖျားနာတာတွေ ဖြစ်ပွားနေကြလို့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်။ အဲဒီ ချောင်းဆိုး ဖျားနာတာတွေက ၂ ပတ်လောက် ကြာတဲ့အထိ မပျောက်ဘူးဖြစ်နေတယ်။ စက်တင်ဘာလ ၂၇ ရက်နေ့ကတော့ ဖုန်းဆက် အကူအညီတောင်းလို့ ကန်စောက် ကျန်းမာရေးဌာနက လာရောက်စစ်ဆေးပေးပေမဲ့ ဆေးဝါး မလုံလောက်တာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ မပေးနိုင်ခဲ့ဘူး။”
မနေ့ အောက်တိုဘာ ၄ ရက်နေ့မှာလည်း ထပ်မံဖုန်းဆက် အကူအညီတောင်းရာ တိုက်နယ်ဆရာဝန်က မကူညီချင်လို့မဟုတ်ဘဲ ဝန်ထမ်းမလုံလောက်တာတွေ၊ ဆေးဝါး မလုံလောက်တာတွေအပြင် သူတယောက်တည်း လာရောက်ဖို့ မလွယ်ကူတာကြောင့် အကူအညီ မပေးနိုင်တာလို့ ပြန်ဖြေခဲ့ကြောင်း တာဝန်ခံက ပြောပါတယ်။
ဆေးရုံဆေးခန်းကို သွားပြဖို့ကလည်း ၈၀ ရာခိုင်နှုန်းလောက်က ငွေကြေး မတတ်နိုင်တဲ့သူတွေ ဖြစ်တာကြောင့် အခမဲ့ရတဲ့နေရာတွေမှာ သွားရောက် ပြသနေကြရပြီး အဲဒီနေရာတွေ သွားဖို့ဆိုတာကလည်း တိုက်ပွဲတွေ ဖြစ်ပွားနေလို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။
ဝါးတောင်စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၁၅၆ စုနဲ့ လူဦးရေ ၈၇၂ ယောက်ရှိပြီး စစ်ရှောင်စခန်းကို စရောက်တဲ့ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ INGO/NGO တွေက စားဝတ်နေရေးနဲ့ ကျန်းမာရေး ကူညီထောက်ပံ့မှုနဲ့ အဆင်ပြေခဲ့ပေမဲ့ ၂၀၂၂ ခုနှစ် အစပိုင်းကတည်းက INGO/NGO တွေကို ပိတ်ပင်တားမြစ်လိုက်လို့ စစ်ဘေးရှောင် ပြည်သူတွေ အခက်အခဲ ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေပြီး လမ်းပန်းဆက်သွယ်ရေးကလည်း ပိတ်ဆို့ခံထားရလို့ ကုန်စျေးနှုန်းတွေ မြင့်တက်ကာ အလုပ်အကိုင်တွေလည်း အဆင်မပြေကြလို့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ ဝါးတောင်စစ်ဘေးရှောင်စခန်း တာဝန်ခံက ပြောပါတယ်။
ဝါးတောင်စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင် အမျိုးသမီးတယောက်ကတော့ “ကျမကလေးက ချောင်းဆိုးတယ်၊ အသက်ရှူကျပ်တယ်၊ အန်တယ်၊ ဖျားတယ်။ ဆေးခန်းလည်း မပြနိုင်သလို ဆေးဝယ်တိုက်ဖို့လည်း ပိုက်ဆံမရှိဘူး” လို့ ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေလို့ အဖွဲ့အစည်းတွေက အကူအညီမပေးတာ ကြာနေပြီဖြစ်သလို ပိုက်ဆံလည်း ရှာလို့မလွယ်ကူတာကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အခုနှစ် သြဂုတ်လကစတင်ကာ တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပြီးနောက်ပိုင်း မြို့အများအပြားမှာ စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်နဲ့ ပလက်ဝမြို့နယ်တွေမှာ အရင်ကတည်းက နေရပ်စွန့်ခွာလာပြီး အိမ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ပြည်သူ ၈၀,၀၀၀ ကျော်လောက်ရှိပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အခုလပိုင်းတွေအတွင်းမှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် လူဦးရေ ၆,၀၀၀ ကျော်လောက် စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။