close

ကျန်းမာရေးညွှန်မှူး

close

December 1, 2021

ကျန်းမာရေးညွှန်မှူး ဒေါက်တာထားထားလင်းနှင့် ညွှန်ချုပ်(ငြိမ်း) ဒေါက်တာစိုးဦးတို့ကို စစ်ကောင်စီက အဂတိမှုဖြင့် အမှုဖွင့်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းနဲ့ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစိုးဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူလိုက်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက နိုဝင်ဘာ ၃၀ ရက်မှာ သတင်းထုတ်ပါတယ်။

ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းနဲ့  တာဝန်ရှိသူတွေအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ဖို့ တိုင်ကြားတာနဲ့ စပ်လျဉ်းပြီး စစ်ကောင်စီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး အမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးတွေ့ရှိချက်အရ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာရုံး စိုက်ထားတဲ့အဖွဲ့အစည်းမှ မြန်မာနိုင်ငံသို့ WHO နဲ့  UNICEF တို့မှတဆင့်  ထောက်ပံ့ငွေတွေ ပေးအပ်ကြောင်း၊ ဒီအဖွဲ့ အစည်းမှ GAVI HSS 2 Grant(Global Alliance for Vaccines and Immunization-Health System Strengthening 2) ကူညီငွေတွေနဲ့  တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို စီမံချက်မန်နေဂျာအဖြစ် ဒေါက်တာထားထားလင်းက ဆောင်ရွက်ရာမှာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကြေး ပိုင်ဆိုင်မှုကို  နစ်နာဆုံးရှုံးစေခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဒါ့အပြင် စီမံချက်ပါလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ငွေထုတ်ယူခွင့်ပြုခဲ့တဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးဟာလည်း  လုပ်ငန်းတွေကို ကြီးကြပ်စစ်ဆေးဖို့ ပျက်ကွက်တာ၊ စီမံခန့်ဖို့ ပျက်ကွက်တာ၊  နိုင်ငံတော် ဘဏ္ဍာငွေများ နစ်နာဆုံးရှုံး ရန်အတွက်  အားပေးကူညီတာဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး  ဒေါက်တာထားထားလင်း အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၆ အရ လည်းကောင်း၊ ဒေါက်တာစိုးဦးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ အရလည်းကောင်း နေပြည်တော် ဘုရားကုန်း မြို့မရဲစခန်းမှာ နိုဝင်ဘာ ၃၀ ရက် နေ့က ပထမသတင်း ပေးတိုင်ကြားချက် ဖွင့်လှစ်ထားတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ တဖက်သတ်စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး စွပ်စွဲခံရသူတွေဘက်ကနေ ပြန်လည်တုံ့ပြန် ချေပ ပြောဆိုနိုင်တဲ့ အခွင့်အရေး မရရှိသေးပါဘူး။ 

မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအစီအစဉ်ရဲ့ အကြီးအကဲဟောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်ကြားရေးမှူး  ဒေါက်တာထားထားလင်းကို စစ်ကောင်စီက ဖမ်းဆီးထားပြီး နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုအပါအဝင်စွဲချက်တွေနဲ့ အရေးယူဖို့ စီစဉ်နေပါတယ်။

ဒေါက်တာထားထားလင်းကို ဇွန်လ ၁၀ ရက်နေ့က ဒဂုံမြို့နယ်မှာ စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး  သူဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အလုပ်လုပ်နေတယ်လို့ စစ်ကောင်စီမီဒီယာတွေမှာ စွပ်စွဲဖော်ပြထားပါတယ်။

ဒေါက်တာထားထားလင်း အပါအဝင် ဆရာဝန်စုစုပေါင်း ၂၅  ယောက်တို့ဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၄ တို့အရ စွဲဆိုချက်တွေကို  ရင်ဆိုင်ရမယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

5 months Ago
Up