close

ကျန်းမာရေးမကောင်းရင်

close

September 13, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေးမကောင်းသဖြင့် ရုံးချိန်းရွှေ့ဆိုင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့ရပြီး ဆရာဝန်နဲ့ကုသမှု ပေးမပေးဆိုတာက ဖမ်းဆီးထားသူတွေရဲ့ တာဝန်ဖြစ်တယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာ ၁၃ ရက် ဒီကနေ့မှာ အမှုပြန်စစ်ဖို့ရုံးထုတ်ခဲ့ပေမယ့် ကျန်းမာရေးမကောင်းတာကြောင့် ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်ပါတယ်။ 

ကိုဗစ်တတိယလှိုင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် အစွဲခံထားရတဲ့အမှုတွေကို စစ်ဆေးဖို့ အချိန်နှစ်လကြာ ဆိုင်းငံ့ခဲ့တာပါ။ 

နောက်ဆုံးရုံးချိန်းကို ဇူလိုင် ၁၃ ရက်နေ့မှာ စစ်ဆေးခဲ့တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံနဲ့ အတူနေမိသားစုတွေဟာ ရိက္ခာနဲ့ဆေးဝါးအတွက် ငွေကြေးလိုအပ်နေတယ်လို့ ဆိုခဲ့ပါတယ်။ 

ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်အစွဲခံထားရတဲ့အမှု ၃မှုကို စစ်ဆေးဖို့ ချိန်းဆိုခဲ့တာဖြစ်ပြီး ဒီနေ့စစ်ရမယ့်အမှုတွေကို နောက်တစ်ပတ် တနင်္လာနေ့ရုံးချိန်းကို ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

"ဒီကနေ့မနက် ၉ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပါတယ်။ တွေ့တွေ့ချင်းပဲ ဒီကနေ့ သူနေမကောင်းဘူးလို့ ပြောတယ်။ တကယ်လည်းဟုတ်ပါတယ်။ မျက်စိတွေ မျက်နှာတွေနီပြီးတော့ နှာတွေလည်း မွှန်နေတယ်။ ခေါင်းတအား မူးတယ်လို့ပြောပါတယ်။ ကျနော်တို့နဲ့ နည်းနည်းပဲ စကားပြောနိုင်ပါတယ်။ စကားပြောပြီးတော့ သူကိုယ်တိုင်ပဲ နောက်နေ့မှ စကားပြောရအောင်တဲ့။ အဲ့ဒါနဲ့ ကျနော်တို့က ရဲကိုပြောပြပါတယ်။ ပြီးတော့ ပြန်သွားပါတယ်။ တရားရုံးကိုတော့ သူ့ကိုယ်စား ကျနော်တို့  ခွင့်တိုင်ပေးလိုက်ပါတယ်။ ဒါကြောင့် သူ့အမှုသုံးမှုဟာ ဒီနေ့မစစ်ဖြစ်ပါဘူး။ ရှေ့တနင်္လာနေ့မှစစ်ဖြစ်ပါမယ်။ သူက မနက်ဖြန်ကျမှ ကျယ်ကျယ်ပြန့်ပြန့်စကားပြောကြတာပေါ့လို့ ပြောသွားတယ်။"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ စက်တင်ဘာ ၁၄ ရက်နေ့မှာလည်း တခြားအမှုတွေအတွက် ရုံးချိန်းရှိနေပြီး ကျန်းမာရေးအခြေအနေကောင်းမကောင်း၊ ဆရာဝန်နဲ့ကုသမှုခံယူခွင့်ရမရဆိုတာ နောက်ရက်မှာ စောင့်ကြည့်ရမယ်လို့ဆိုပါတယ်။ 

အထူးတရားရုံးကို ဝင်ရောက်ရမယ့်သူအားလုံးဟာ စက်တင်ဘာ ၁၂ ရက်နေ့လည်ပိုင်းမှာ ကိုဗစ်စစ်ဆေးမှုကို ခံယူထားရပြီး ကိုဗစ်နဂ္ဂတစ် ဖြစ်တဲ့သူတွေသာ ရုံးထုတ်စစ်ဆေးမှုကို ဝင်ရောက်ခွင့်ရတာဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် နေမကောင်းဖြစ်နေတဲ့အခြေအနေကို ဆရာဝန်နဲ့ ကုသမှုခံယူခွင့်ရမရဆိုတာကတော့ ဖမ်းဆီးထားသူတွေရဲ့ တာဝန်သာဖြစ်တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

"ဆရာဝန်နဲ့ပြမလား မပြဘူးလားဆိုတာတော့ သူ့ကိုဖမ်းထားတဲ့သူတွေ ဘာလုပ်မလဲတော့မသိဘူး။ ကျနော်တို့တော့ ပြောပြလိုက်တယ်လေ။ သူကလည်းပဲ သူပြောပြမယ်လို့ ပြောတယ်။ အစကသူက ပြောကိုမပြောတာ။ ကျနော်တို့ကိုတော့ ကားမူးလို့ တောက်လို့ အဲ့လိုပဲပြောတာလေ။ ကျနော်တို့က အပြင်ထွက်ပြီးတော့ ရဲကိုပြောလိုက်တာ။ သူက ကြာကြာထိုင်နိုင်မှာ မဟုတ်ဘူးပြောလို့ သူတို့ပြန်ခေါ်သွားကြတာ။ ဆရာဝန်တွေနဲ့ တွေ့ဖို့ပြုဖို့ ဆိုတာကတော့ သူတို့ဖမ်းထားတဲ့သူတွေ ဘာလုပ်မလဲတော့မသိသေးဘူး။ မနက်ဖြန်ကျရင်တော့ သိမှာပေါ့။" 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက ပုဒ်မ ၆ခုနဲ့ တရားစွဲခဲ့တာပါ။ ဇွန်လ ၉ ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှုထပ်ဖွင့်ခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်းတရားလွှတ်တော်မှာ အဂတိပုဒ်မ အမှုလေးခုနဲ့ထပ်မံစွဲဆိုထားတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ အဲ့ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့အမှုဟာ စုစုပေါင်း ၁၁ မှုအထိ ရှိနေပါတယ်။

6 mins Ago

October 4, 2020

အမေရိကန်သမ္မတ ကျန်းမာရေးမကောင်းရင် ဘာဆက်ဖြစ်မလဲ

လေဝင်လေထွက်မကောင်းတဲ့ အဆောက်အအုံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်တာ ပိုလွယ်တယ်ဆိုတာ ပညာရှင်တွေ အထပ်ထပ်သတိပေးနေတဲ့ ကိစ္စပါပဲ။ အမေရိကန် သမ္မလောင်း နှစ်ယောက်ရဲ့ စကားစစ်ထိုးပွဲအပြီးမှာ ဒေါ်နယ်ထရမ့်တို့ ဇနီးမောင်နှံ ရောဂါကူးစက်ခံရသူတွေ ဖြစ်လာတာကြောင့် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမလဲဆိုတာ မသိနိုင်သေးပါဘူး။ စကားစစ်ထိုးပွဲကို တက်ရောက်ခဲ့ကြတဲ့ တခြားလူတွေရော လူနာစာရင်းထဲ ထပ်ပါလာမလား ဆိုတာကတော့ စောင့်ကြည့်ရပါမယ်။ ဒီဘိတ် တကယ်တော့ ဒီဘိတ်ကို ကျင်းပခဲ့တဲ့ အိုဟိုင်းဟိုးမှာရှိတဲ့ ကေ့စ်ဝက်စတန်း ရီဆာဖ် ယူနီဗာစတီ (တက္ကသိုလ်) ခန်းမမှာ ဒီဘိတ် ကျင်းပဖို့အတွက် အိုဟိုင်းဟိုးက နာမည်ကြီး ဆေးပညာဌာန ကလီဗီးလန့် ကလင်းနစ်ရဲ့ အကြံဉာဏ်အတိုင်း ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ၁။ စကားစစ်ထိုးမယ့် နှစ်ယောက်ဖြစ်တဲ့ ဒေါ်နယ်ထရမ့်နဲ့ သမ္မတဟောင်းဂျိုးဘိုင်ဒင်တို့ကို ၆ ပေ အကွာမှာ နေရာချထားပါတယ်။ လက်ဆွဲနှုတ်ဆက်တာလည်း မလုပ်ခိုင်းပါဘူး။ ၂။ ပရိသတ်တွေရဲ့ ထိုင်ခုံတွေတွေကိုလည်း ခွာထားပါတယ်။ လူ ၁၀၀ အထိပဲ ကန့်သတ်ထားပါတယ်။ ၃။ ခန်းမထဲကို မဝင်ခင်မှာ ကိုဗစ်-၁၉ စစ်ဆေးခံရပါတယ်။ ၄။ ဒေါ်နယ်ထရမ့်ရဲ့ ဇနီးကအစ တက်ရောက်လာသူတွေ အားလုံးဟာ နှာခေါင်း ပါးစပ်စည်းကို ဝတ်ခိုင်းပါတယ်။ (ဒါပေမဲ့ တချို့က ခန်းမထဲရောက်ပြီး ချွတ်လိုက်တာရှိပါတယ်။) ဒီလို အစီအမံတွေကြားထဲကနေ သမ္မတ ဇနီးမောင်နှံ ရောဂါကူးတာလား။ ဒါမှမဟုတ် ဒီမတိုင်ခင်ကတည်းက ကူးစက်ခံထားရသလား ဆိုတာ မသိနိုင်ပါဘူး။ နောက်ဆုံးသုတေသနအရ ရောဂါခံစားနေရသူတစ်ယောက်နဲ့ ထိတွေ့တာ၊ သို့မဟုတ် ရောဂါရှိသူတစ်ယောက်က ချောင်းဆိုး၊ နှာချေတာကတဆင့် အနီးအနားက နောက်တယောက်ဆီကို ကူးစက်ရုံတင် မဟုတ်တော့ပါဘူး။ ချောင်းဆိုး နှာချေတာကြောင့် ထွက်လာတဲ့ အလွန်သေးငယ်တဲ့ အမှုန်အမွှားတွေဟာ လေထဲမှာ နာရီနဲ့ ချီပြီး ရှိနေနိုင်ပါတယ်တဲ့။ စီးကရက်မီးခိုးလို ဒါကြောင့် လေဝင်လေထွက် မကောင်းတဲ့ ခန်းမတစ်ခုထဲမှာ လူတွေ စုနေပြီးဆိုရင် လူတစ်ယောက်ဆီကနေ နောက်ထပ် လူအမြောက်အမြားကို ကူးစက်ဖို့ အခွင့်အရေး များတယ်ဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။ ပါးစပ် နှာခေါင်းစည်းကို မဝတ်ထားရင် ဆိုဖွယ်ရာ မရှိတော့ပါဘူး။ စကားပြောတာ၊ သီချင်းဆိုတာ၊ အော်ဟစ် ပြောဆိုတာ ဒါတွေ အားလုံးဟာ ​ကူးစက်နိုင်တဲ့အကြောင်းတွေပါပဲ။ ဒီဘိတ်ခန်းမထဲမှာ လူတွေ အော်ဟစ်ပြောဆိုကြ၊ ပါးစပ် နှာခေါင်းစည်းလည်း မဝတ်ကြဘဲ အနည်းဆုံး မိနစ် ၉၀ လောက် စုရုံးခဲ့ကြပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ ဇနီးအပြင် သမ္မတနဲ့အတူ ဒီဘိတ်မှာ အတူရှိနေခဲ့တဲ့ အကြံပေး ဟုပ်ဟက်ခ်လည်း ကူးစက်ခံရပါတယ်။ သမ္မတဆီကပဲ ကူးသလား ဆိုတာကတော့ မသိနိုင်ပါဘူး။ သုတေသနတွေအရ ရောဂါရှိသူ တစ်ယောက်ဆီက ရောဂါအများဆုံး ပြန့်သွားနိုင်တဲ့အချိန်ဟာ ရောဂါလက္ခဏာမပေါ်ခင် ရက်ပိုင်းဖြစ်ပါတယ်။ အကယ်၍သာ ထရမ့်နဲ့ သူတို့အဖွဲ့တွေဟာ ဒီဘိတ်မတိုင်ခင်ကတည်းက ရောဂါ ကူးစက်ခံထားရပြီးသားဆိုရင် အခြေအနေက ပိုစိုးရိမ်စရာ ဖြစ်လာပါတယ်။ ဒီဘိတ်ခန်းမထဲက လူတွေရော၊ ဒီဘိတ်ကို ပြင်ဆင်ပေးရတဲ့ ဝန်ထမ်းတွေရော၊ နောက်ဆုံး အခမ်းအနားမှူး ခရစ် ဝေါလေ့စ်ရော အန္တရာယ်ရှိသွားပါပြီ၊ ဂျိုးဘိုင်ဒင်ကတော့ သောကြာနေ့ စစ်ဆေးမှုရလဒ်အရ ရောဂါပိုးမတွေ့ရပါဘူး။ ဒါဟာ ကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ဆေးတဲ့အချိန်မှာ ရောဂါလက္ခဏာ မပေါ်ဘဲ နောက်ထပ် ရက်အတန်ကြာမှ ရောဂါလက္ခဏာပေါ်တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ဘိုင်ဒန်ရဲ့ အကြံပေးက ထရမ့်အဖွဲ့နဲ့ သူတို့အဖွဲ့ကြားမှာ တလျှောက်လုံး ဝေးဝေးမှာပဲ နေခဲ့ကြတယ်လို့ ဆိုပါတယ်။ ဗာဂျီးနီးယားတက်စ်ရဲ့ ပါမောက္ခဖြစ်ပြီး လေကြောင့် ကူးစက်တတ်သော ရောဂါရေးရာ ကျွမ်းကျင်သူ လင်းဆေးမားက လူဦးရေကန့်သတ်တာနဲ့ ခပ်ခွာခွာနေတာဟာ ရောဂါကူးစက်မှုကို လျော့ကျစေတာမှန်ပေမယ့် အလွန်သေးငယ်တဲ့ အမှုန်အမွှားလေးတွေဟာ စီးကရက် မီးခိုးငွေ့လိုပဲ လေထဲမှာ တရစ်ဝဲဝဲ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ အိမ်ဖြူတော်ရောက် နောက်ဆုံးသတင်းအရ သမ္မတနဲ့ လောလောလတ်လတ် တွေ့ခဲ့ကြတဲ့ အိမ်ဖြူတော် ဝန်ထမ်းတွေ၊ အောင်နိုင်ရေးအဖွဲ့တွေမှာလည်း ရောဂါပိုးတွေ့ရှိရတဲ့ အဖြေတွေထွက်လာပါတယ်။ တချို့လည်း အဖြေကိုစောင့်နေဆဲ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ သမ္မတကို Walter Reed စစ်ဆေးရုံကို ပို့ထားပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ပထမဆုံး နိုင်ငံ့ခေါင်းဆောင် မဟုတ်ပါဘူး။ ဘရာဇီးသမ္မတ ဘိုလ်ဆိုနာရိုနဲ့ ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်တို့လည်း ကူးစက်ခံခဲ့ရပြီး ပြန်ကောင်းခဲ့ပါတယ်။ နယူးယော့ခ်တိုင်းမ်ကတော့ ဝန်ကြီးချုပ် ကျန်းမာရေးမကောင်းတဲ့အချိန်မှာ တကယ်စနစ်ကျပါတယ်ဆိုတဲ့ ဗြိတိန်နိုင်ငံရေးစနစ်မှာတောင် ပြဿနာတွေ တက်ဖူးတယ်လို့ သတိပေးထားပါတယ်။  ဝန်ကြီးချုပ်ဂျွန်ဆင်ဟာ မတ်လမှာ ကူးစက်ခံရပြီး အစိုးရအဖွဲ့ဟာ ရက်အတန်ကြာအောင် အကျပ်အတည်းကာလကြီးထဲမှာ ခေါင်းဆောင်မရှိသလို ဖြစ်ခဲ့ရတယ်လို့ ရေးပါတယ်။ ဂျွန်ဆင်က ဒေါင်းနင်းလမ်းနေအိမ်ကနေ Zoom ကို သုံးပြီး အလုပ်မပျက်အောင်တော့ ကြိုးစားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ကတော့ သူ့ကိုယ်သူ ကျန်းမာရေးကောင်းသူအဖြစ် အမြဲတမ်း ကြွေးကြော်ပေမယ့် သူ့အသက်အရွယ်၊ သူ့ခန္ဓာကိုယ်အချိုးအစားနဲ့တော့ ငယ်ရွယ်သေးတဲ့ ဘိုလ်ဆိုနာရိုနဲ့ ဂျွန်ဆင်တို့နဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ ဒီရောဂါရဲ့သဘောက ပထမတပတ်မှာ ရောဂါက မပြင်းထန်ပေမယ့် ဒုတိယအပတ်လောက်ကစလို့ အခြေအနေဆိုးလာတာမျိုး ဝန်ကြီးချုပ် ဂျွန်ဆင်တုန်းကလည်း ဖြစ်ခဲ့ပါတယ်။ အကယ်၍ ဒေါ်နယ်ထရမ့်သာ ဆေးရုံတက်ရပြီး တာဝန်ထမ်းဆောင်နိုင်တဲ့ အခြေအနေ မရှိတော့ရင် အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ (25th amendment) ဒုတိယ သမ္မတကို ယာယီတာဝန်လွှဲအပ်နိုင်ပြီး ပြန်လည်ကျန်းမာလာတဲ့အခါမှာ တာဝန်တွေကို ပြန်လည် ထမ်းဆောင်နိုင်ပါတယ်။ ဒါဟာ သမ္မတ ရေဂင်လက်ထက် (၁၉၈၅)၊ သမ္မတဘုရှ် (အငယ်) လက်ထက် (၂၀၀၂ နဲ့ ၂၀၀၇) တို့မှာ ဆေးကုသမှုခံယူတဲ့အတွက် ဒုတိယသမ္မတတွေကို တာဝန်လွှဲပေးခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။  သုံးကြိမ်စလုံးမှာ ဒုတိယသမ္မတတွေကို ယာယီတာဝန်လွှဲကြောင်း သမ္မတကိုယ်တိုင်က စာနဲ့ ရေးပြီး တရားဝင် လွှဲပေးရပါတယ်။ သုံးကြိမ်စလုံးကလည်း နာရီပိုင်းပဲ ကြာခဲ့ပါတယ်။ ရော်နယ်ရေဂင် လက်ထက်မှာ ဒုတိယသမ္မတဖြစ်ခဲ့တဲ့ ဘုရှ်(အကြီး) က ၈ နာရီကြာ၊ ဘုရှ်(အငယ်)လက်ထက်မှာ ဒုတိယသမ္မဖြစ်ခဲ့တဲ့ ဒစ်ခ်ချေနီက နှစ်ကြိမ်စလုံး ၂ နာရီခွဲဝန်းကျင် ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မှတ်တမ်းရှိပါတယ်။ နေသွင်ညိဏ်း Ref: Times, Foreign Policy, Reuters
11 months Ago
Up