အသက်မွေးဝမ်းကျောင်း အလုပ်တချို့အတွက် မဖြစ်မနေ လိုအပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးကြောင်း ကျန်းမာရေးလက်မှတ်ရဖို့ ဆေးထိုးယောင်ဆောင်ပေးတဲ့ လုပ်ရပ်အတွက် အီတလီနိုင်ငံ စစ်စလီကျွန်းမှာ လူ ၃ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူနာပြုတယောက်နဲ့ ဒေသခံကာကွယ်ဆေး ဆန့်ကျင်ရေးလှုပ်ရှားမှု ခေါင်းဆောင်တယောက် အပါအဝင် လူ ၃ ယောက်ဟာ အဂတိလိုက်စားမှု၊ အတုလုပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ကာကွယ်ဆေး အကြီးအကျယ်ထိုးပေးနေတဲ့ ဌာနမှာ သူနာပြုကို ရဲတွေက လျှို့ဝှက်ကင်မရာနဲ့ ရိုက်ကူးထားခဲ့တာပါ။
သူနာပြုဟာ ကာကွယ်ဆေး ထိုးဆေးအရည်တွေကို တစ်သျှူးစက္ကူပေါ် ထိုးချပြီးမှ ကာကွယ်ဆေး ထိုးခံမယ့်လူရဲ့ လက်မောင်းကို အပ်နဲ့ ထိုးခဲ့တာပါ။ ဒီနည်းနဲ့ ကျန်းမာရေးလက်မှတ် တဒါဇင်လောက် ရခဲ့ကြပါတယ်။
ဒီဝန်ဆောင်မှုအတွက် ယူရိုငွေ ၄၀၀ အထိ ပေးရတယ်လို့ ဒေသခံ မီဒီယာက သတင်းထုတ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု ထိန်းချုပ်ရေး အားထုတ်တဲ့အနေနဲ့ အစိုးရဟာ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းတွေ၊ ကျောင်းဆရာတွေ၊ ဥပဒေအရာရှိတွေနဲ့ စစ်တပ်ကို ကာကွယ်ဆေး မဖြစ်မနေ ထိုးခိုင်းခဲ့တာပါ။
အီတလီအစိုးရဟာ ဒီဇင်ဘာ ၆ ရက်နေ့ထိ ကာကွယ်ဆေး မထိုးရသေးတဲ့ လူတွေကို ခွင့်မပြုတဲ့ နေရာတွေ ဝန်ဆောင်မှုတွေ ကန့်သတ်တင်းကျပ်ခဲ့ပါတယ်။
အီတလီနိုင်ငံသား ၈၁ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး ထိုးဆေး တကြိမ်၊ သို့မဟုတ် ၂ ကြိမ် ထိုးနှံပြီးစီးကြပြီဖြစ်ပြီး ဥရောပမှာ ကာကွယ်ဆေးထိုးနှုန်း အမြင့်ဆုံးလည်း ဖြစ်ပါတယ်။ လူဦးရေစုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းကတော့ ဆေးအာနိသင်ထိန်း တတိယမြောက် ထိုးဆေးကို ထိုးပြီးကြပါပြီ။
ဒီလအစောပိုင်းကလည်း ကျန်းမာရေးလက်မှတ်ရဖို့ ကာကွယ်ဆေးထိုးပေးမယ့် သူနာပြုကို အရူးလုပ်ဖို့ အမျိုးသားတယောက်က စီလီကွန်လက်မောင်းတခု ဝတ်ဆင်လာခဲ့တာကို အီတလီမြောက်ပိုင်းမှာ တွေ့ခဲ့ရတာပါ။ သူဟာ နောက်ပိုင်းမှာ တကယ် ဆေးထိုးခံခဲ့ရပါတယ်။