အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံအကြား ကျန်းမာရေးသုတေသနဆိုင်ရာ နားလည်မှုစာချွန်လွှာကို အိန္ဒိယ ပြည်ထောင်စုဝန်ကြီးအဖွဲ့က ဇွန်လ ၃၀ ရက်မှာ အတည်ပြုလိုက်တယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ မြန်မာနိုင်ငံက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးသုတေသန ဦးစီးဌာန (DMR) နဲ့ အိန္ဒိယ ဆေးဘက်ဆိုင်ရာ သုတေသနကောင်စီ (ICMR) နဲ့တို့အကြားက လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာကို ပြည်ထောင်စုဝန်ကြီးအဖွဲ့က အသိပေးအကြောင်းကြားခဲ့တာဖြစ်ပါတယ်။
နားလည်မှုစာချွန်လွှာရဲ့ အဓိကရည်ရွယ်ချက်တွေမှာ ကူးစက်ရောဂါများ ပပျောက်ရေး၊ အဖြစ်များ လာတဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေရဲ့ ကွန်ရက်ပလက်ဖောင်း လုပ်ငန်းစဉ်၊ သုတေသနနည်းနာ စီမံခန့်ခွဲမှုမှာ လေ့ကျင့်သင်ကြားခြင်းနဲ့ စွမ်းရည်မြှင့်တင်ခြင်း၊ လက်တွေ့စမ်းသပ်မှုတွေနဲ့ ကျင့်ဝတ်တွေအကြောင်း၊ စည်းမျဉ်းဆိုင်ရာ လုပ်ငန်းယန္တရားရဲ့ သဟဇာတဖြစ်မှုတွေအကြောင်း ပါဝင်ပါတယ်။
တရားဝင်ထုတ်ပြန်ချက်အရ သက်ဆိုင်သူတွေအနေနဲ့ အဖွဲ့အစည်းတစ်ခုစီမှ ကိုယ်စားလှယ်တွေပါဝင်တဲ့ ပူးတွဲလုပ်ငန်းအဖွဲ့ (JWP) ကို တည်ထောင်ရမှာဖြစ်ပြီး JWG အစည်းအဝေးကို အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့မှာ တလှည့်စီ ကျင်းပရမှာ ဖြစ်ပါတယ်။