တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ မေ ၁ဝ ရက် တရက်တည်း စစ်ဆေးသူ ၁၆၂ ယောက်မှာ ၁၃ ဦး တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီ တိုင်းကျန်းမာရေးက မေ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အစုလိုက်အပြုံလိုက် ကူးစက်မှုနဲ့ပတ်သက်ပြီး ထားဝယ်မြို့ခံ ပရဟိတအသင်းတွေကို ဆက်သွယ်မေးမြန်းရာ အဆိုပါ အစုလိုက်အပြုံလိုက် ကူးစက်မှုနဲ့ပတ်သက်ပြီး အကူအညီ တောင်းခံတာ မရှိတဲ့အတွက် အတိအကျ မသိရကြောင်း ပြောပါတယ်။
မေ ၆ ရက်ကလည်း ထားဝယ်မြို့မှာ ကိုဗစ်အတည်ပြုလက္ခဏာ စစ်ဆေးတွေ့ရှိရသူ ၆ ဦး တွေ့ရှိခဲ့ပါတယ်။
မေ ၁ ရက်ကနေ ၁၁ ရက်အထိ ထားဝယ်ခရိုင် ၄ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၃၆ ဦး စစ်ဆေးတွေ့ရှိပြီး ၆ ဦး ဆေးရုံဆင်းခွင့်ရပြီဖြစ်ကြောင်း စစ်ကောင်စီ တိုင်းကျန်းမာရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မေ ၁၁ ရက်ကလည်း ထားဝယ်ခရိုင်အတွင်း ၇၅ ယောက် စစ်ဆေးရာ သရက်ချောင်းမြို့နယ်မှာ ၁ ဦး၊ ရေဖြူမြို့နယ်မှာ ၂ ဦး၊ စုစုပေါင်း ၃ ဦး ကိုဗစ်အတည်ပြုလူနာ အဖြစ် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ဧပြီလလယ်ကစပြီး တနင်္သာရီတိုင်းမှာ ကိုဗစ်ကူးစက်သူတွေ ပြန်တွေ့ရှိလာကာ အခု မေလဆန်းပိုင်းမှာတော့ အစုလိုက်အပြုံလိုက် ကူးစက်မှုတွေပါ ရှိလာနေပါတယ်။
ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့၊ ခုတင် ၅၀၀ ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ အမျိုးသားတဦး မတ်လ ၇ ရက် ညနေပိုင်းမှာ သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းနဲ့ မိသားစုဝင်တွေထံက သိရပါတယ်။
သေဆုံးသူမှာ လည်ချောင်းကင်ဆာရောဂါ ခံစားနေရသူဖြစ်ပြီး ဆေးရုံမှာ ဆေးကုသဖို့ ရက်ပြည့်လို့ လာရောက်စဉ် ဆေးစစ်ချက်အရ ကိုဗစ်ပိုးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
မိသားစုဝင်တဦးက “ဆေးခန်းပြဖို့ ရက်ချိန်းပြည့်လို့ ဆေးရုံကြီးသွားတာ ကင်ဆာအထူးကု ဆရာဝန်ကြီးက ဆေးစစ်ချက်အကုန်ယူရမယ်ဆိုပြီး စစ်ဆေးချက်ယူမှ ကိုဗစ်ပိုးပါ တွေ့ခဲ့တာပါ” လို့ ပြောပါတယ်။
သေဆုံးခဲ့သူမှာ ကိုမင်းအောင် အသက် (၃၆ နှစ်) ဖြစ်ပြီး ဆေးစစ်ပြီးနောက် ကိုဗစ်ရောဂါပိုး အထူးစောင့်ကြည့်ကြပ်မတ်ဆောင် အရောက်မှာပဲ သေဆုံးခဲ့တာလို့ သိရပါတယ်။
သင်္ကြန်ပွဲတော်ကာလနောက်ပိုင်း ပြည်တွင်းမှာ အိုမီခရွန် မျိုးရိုးဗီဇပြောင်း (Arcturus) ရောဂါပိုး ပြန့်ပွားခဲ့ပြီး မတ်လ ၅ ရက်အထိ ကျန်းမာရေးဝန်ကြီးဌာန စစ်ဆေးချက်အရ ရောဂါပိုး ကူးစက်ခံရသူ ၁,၀၀၀ ကျော်ရှိပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။
ပြည်မြို့မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ မြန်အောင်မြို့က အဘွားတဦး မတ်လ ၂ ရက်နေ့က သေဆုံးခဲ့ပြီး အခု နောက်ထပ်တဦး ထပ်မံသေဆုံးခဲ့တာပါ။
သေဆုံးရုပ်အလောင်းကို ပြည်မြို့ ခေတ္တရာလူငယ် နာရေးကူညီမှုအသင်းက အေးငြိမ်းရာသုသာန်မှာ နေ့ချင်းပြီး မီးသင်္ဂြိုဟ်ပေးခဲ့ပါတယ်။