close

ကျပ်ငွေ ၃၇၀၀ ဘီလီယံ

close

April 9, 2022

ကာကွယ်ရေးအသုံးစရိတ် ကျပ်ငွေ ၃၇၀၀ ဘီလီယံ စစ်ကောင်စီချပေး

အာဏာသိမ်းစစ်ကောင်စီဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက်  ၂၀၂၂-၂၃ ဘဏ္ဍာနှစ်  အသုံးစရိတ်ဘတ်ဂျက်ကို ကျပ်ငွေ ၃၇၀၀  ဘီလီယံကျော်ကို  ချပေးလိုက်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်က မတ်လ ၂၉ ရက်နေ့စွဲနဲ့ အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်ပြည်ထောင်စု၏  ဘဏ္ဍာငွေရသုံးဆိုင်ရာဥပဒေမှာ ကာကွယ်ရေး အသုံးစရိတ်ကို ငွေကျပ် သန်းပေါင်း  ၃,၇၀၃,၈၆၆ ဒသမ ၇၉၈ ( ၃၇၀၀  ဘီလီယံကျော်)ကို  ချပေးထားတာ ဖြစ်ပါတယ်။ 

ပြည်ထဲရေးဝန်ကြီးဌာနအတွက်လည်း ကျပ်သန်းပေါင်း  ၅၁၁,၂၁၉ ဒသမ ၄၃၂  ချထားပေးထားပြီး ကာကွယ်ရေးနဲ့ ပြည်ထဲရေးဌာနနှစ်ခုပေါင်းအသုံးစရိတ်က ကျပ်သန်းပေါင်း ၄,၂၁၅,၀၈၆.၂၃  ( ၄၂၁၅ ဘီလီယံကျော်) ရှိပါတယ်။

ပညာရေးဝန်ကြီးဌာနအတွက် အသုံးစရိတ်ကတော့ ကျပ်သန်းပေါင်း ၂,၁၆၄,၂၉၈   ဒသမ    ၂၀၈ ကျန်းမာရေးဝန်ကြီးဌာနအတွက်  အသုံးစရိတ်ကတော့  ကျပ်သန်းပေါင်း    ၈၆၁,၂၉၁ ဒသမ     ၈၂၅ရှိတဲ့အတွက် ပညာရေးနဲ့ ကျန်းမာရေးဌာန နှစ်ခုပေါင်း ဘတ်ဂျက် ကျပ်သန်းပေါင်း ၃၀၂၅,၅၉၀ ဒသမ ၀၃၃ ( ၃၀၂၅ ဘီလီယံကျော်) ရှိပါတယ်။

ဒါကြောင့် ကာကွယ်ရေးအသုံးစရိတ်ဟာ ကျန်းမာရေးနဲ့ ပညာရေးအသုံးစရိတ်ထက် ကျပ်ငွေ ဘီလီယံ ၇၀၀ လောက်ပိုများနေတာတွေ့ရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနဟာ နှစ်စဉ် နိုင်ငံတောဘတ်ဂျတ်တွေ ပိုပိုသုံးစွဲလာတာဖြစ်ပြီး ပြီးခဲ့တဲ့  ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က  ၁,၉၀၅ ဒသမ ၁၉၅ ဘီလီယံ ၊ ၂၀၁၈-၁၉   ဘဏ္ဍာနှစ်မှာ  ၃,၂၄၁ ဒသမ ၃၆၅ ဘီလီယံ၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ၃,၃၇၀ ဒသမ ၇၉၈ ဘီလီယံ  အသုံးပြခဲ့ပြီး အခုနှစ်မှာတော့  ကျပ်ငွေ ၃၇၀၀  ဘီလီယံအထိ ဘတ်ဂျက်တိုးမြှင့် သုံးပြုလာတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်ရဲ့ ဘတ်ဂျက်သုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးနိုင်ခြင်းမရှိတော့ဘဲ  အာဏာသိမ်းစစ်ခေါင်းဆောင် စိတ်ကြိုက်အတည်ပြု သုံးစွဲခွင့်ရနေတာဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေဟာလည်း ပြည်သူပိုင်ဘဏ္ဍာငွေကိုအသုံးပြုပြီး  နိုင်ငံအနှံ့အပြားမှာ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ် ရွာမီးရှို့ မြေပြင်မှာစစ်ဆင်နေသလို လေကြာင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ အပြင်းအထန် ပြုလုပ်နေတာဖြစ်ပါတယ်။ 

Photo Credit-DSINFO

2 mins Ago
Up