close

ကျပ်သိန်း ၂၀

close

May 3, 2022

မြန်မာ့ရွှေစျေး ကျပ်သိန်း ၂၀ အောက် ပြန်ကျဆင်း

ဧပြီလအတွင်း အမြင့်ဆုံးစျေး  တကျပ်သားကို ကျပ် ၂၁ သိန်းနီးပါး ထိရောက်ရှိခဲ့တဲ့ မြန်မာရွှေစျေးက ဒီနေ့ မေလ ၃ ရက်နေ့မှာ ကျပ်သိန်း ၂၀ အောက်ကို ပြန်လည်ကျဆင်းခဲ့ပါတယ်။

ဗဟိုဘဏ် သတ်မှတ်ငွေလဲနှုန်း  တဒေါ်လာကို ကျပ် ၁၈၅၀ နဲ့ တွက်ချက်ပြီး ရွှေအရောင်းအဝယ်ပြုလုပ်မယ်လို့  ဧပြီ ၈ ရက်မှာ  ရန်ကုန်ရွှေကုန်သည်အသင်းက ကြေညာပြီးတဲ့နောက် ပြည်တွင်းရွှေစျေး အတက်အကျ မတည်မငြိမ် ဖြစ်ပေါ်ခဲ့ပြီး ဧပြီ ၂၁ ရက်မှာတော့  အခေါက်ရွှေ တကျပ်သားကို  ကျပ် ၂၀၈၆၀၀၀ ထိမြင့်တက်ခဲ့ပါတယ်။

ဒီကနေ့မှာ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက သတ်မှတ်တဲ့ ရွှေစျေးနှုန်းက တကျပ်သားကို ၁၉၉၃၅၀၀ ကျပ်ဖြစ်ပြီး  မနေ့က စျေးနဲ့ယှဥ်ရင် ကျပ် ၃၀၀၀၀ကျော် ပြန်လည်ကျဆင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၈ ရက်က စတင်ပြီး ပြည်တွင်းရွှေစျေးကွက် အတွင်းမှာ အခေါက်ရွှေအရောင်းအဝယ် ကျဆင်းသွားခဲ့တယ်လို့ ရွှေလုပ်ငန်းရှင်တွေထံကသိရပြီး၊ တည်ငြိမ်မှုမရှိ စျေးကွက် ကမောက်ကမ ဖြစ်နေတာကြောင့် ပြင်ပရွှေဆိုင်တွေ အနေနဲ့လည်း တိကျတဲ့စျေးနှုန်းနဲ့ စျေးဖွင့်ရောင်းချနိုင်ဖို့ ခက်ခဲနေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ရွှေစျေးကိုထိန်းချုပ်နိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး ကုန်သည် လုပ်ငန်းရှင်တချို့ကို ခေါ်ယူစစ်ဆေးမှုတွေလည်း ရှိနေပါတယ်။

“သူတို့က ရွှေစျေးကို ထိန်းချုပ်ချင်နေတာ၊ သူတို့ဖြစ်စေချင်တဲ့စျေးနဲ့ စျေးကွက်စျေးနဲ့က ကွာနေတော့  ကုန်သည်တွေကလည်း အဲစျေးနဲ့အရောင်းအ၀ယ်မလုပ်နိုင်ကြသေးဘူး”လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်း ရွှေစျေးတည်ငြိမ်ဖို့အတွက် ရွှေကုန်ကြမ်းပြတ်လတ်မှု မရှိအောင် ပြည်ပကနေ ရွှေတင်သွင်းဖို့ကိုလည်း စီစဥ်နေတယ်လို့လည်း ရန်ကုန်ရွှေအသင်းကနေ သိရပါတယ်။

5 hours Ago

November 27, 2020

မွန်မိခင်ဘာသာစကားအခြေပြုပညာရေးအတွက်  ကျပ်သိန်း ၂၀,၀၀၀ ခန့်သုံးစွဲနေ

မွန်အမျိုးသားပညာရေးကော်မတီအနေနဲ့ မိခင်ဘာသာစကားအခြေပြုတဲ့ ပညာရေးကဏ္ဍအတွက် နှစ်စဉ်ကျပ်သိန်း ၂၀,၀၀၀ လောက်  ကျခံသုံးစွဲနေတယ်လို့ သိရပါတယ်။ သင်ကြားရေးဆရာ၊ ဆရာမတွေရဲ့ လစာအပါအဝင် ရုံးဝန်ထမ်းလစာ၊ ကျောင်းတည်ဆောက်ပြုပြင်တာတွေ၊ သင်ရိုးညွှန်းတမ်း ဖတ်စာအုပ်တွေ ရိုက်နှိပ်တာတွေနဲ့ ဆရာအတတ်သင်တန်းပေးတာတွေမှာ ကျခံသုံးစွဲနေရတာဖြစ်ပြီး အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေနဲ့သာ ရပ်တည်နေရတာပါ။ ကလေးတွေရဲ့ပညာရေးကိစ္စတွေအတွက် အကူအညီတွေလည်း အများကြီးလိုအပ်နေပြီး နှစ်စဉ်လျာထားငွေ အပြည့်အဝရရှိအောင် ဆောင်ရွက်နေရတယ်လို့ မွန်အမျိုးသားပညာရေးကော်မတီ မွန်ပညာရေးအစီအစဉ်ညှိနှိုင်းရေးမှူး မင်းအောင်ဇေက ပြောပါတယ်။ "မွန်အမျိုးသားပညာရေးကော်မတီအနေနဲ့ မိခင်ဘာသာစကားအခြေပြု ကလေးတွေရဲ့ ပညာရေးကိစ္စတွေကို လုပ်တဲ့အခါမှာ အကူအညီအများကြီးလိုအပ်တယ်။ အလှူရှင်တွေကိုလည်း အကူအညီတောင်းရသလို မွန်ရပ်ရွာ လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းမှုက အရေးပါပါတယ်။ မွန်ရပ်ရွာ လူ့အဖွဲ့အစည်းတွေက တလျှောက်လုံး အများကြီးကူညီခဲ့တယ်။ မွန်ပြည်သစ်ပါတီရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ မွန်အဖွဲ့အစည်းတွေဘက်နဲ့ ရပ်ရွာတွေဘက်က အကူအညီ၊ နိုင်ငံတကာအလှူရှင်တွေက လှူဒါန်းငွေတွေ၊ မွန်လူမျိုးတွေရဲ့ လူအား၊ ငွေအား အဖက်ဖက်က အကူအညီနဲ့ရပ်တည်ရတယ်။'' ၁၉၇၂ ခုနှစ်ကစလို့ မွန်၊ ကရင်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ ဒေသန္တရအဖွဲ့အစည်းပိုင်ကျောင်းပုံစံနဲ့ ဖွင့်လှစ်ထားတဲ့ မွန်အမျိုးသားကျောင်းတွေက ဆရာ၊ ဆရာမတွေကို ထောက်ပံ့ပေးဖို့ မွန်အမျိုးသားပညာရေးကော်မတီအနေနဲ့ အခုနှစ် ဧပြီလကတည်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကတဆင့် အစိုးရထံ တင်ပြခဲ့ပေမယ့် လတ်တလောမှာ ဆိုင်းငံ့ခံထားရတယ်လို့ သိရပါတယ်။ ''အလယ်တန်းနဲ့ အထက်တန်းအဆင့်တွေမှာ အစိုးရရဲ့သင်ရိုးညွှန်းတမ်းကိုပဲ ကျင့်သုံးတယ်။ ဘာသာစကားမတူတာကလည်း ဥပဒေနဲ့မညီတာ မဟုတ်ဘူး၊ လိုအပ်တဲ့ နေရာဒေသတွေမှာ သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားကို သင်ကြားမှုဘာသာစကားအဖြစ် အသုံးချနိုင်တယ်ဆိုတဲ့ အမျိုးသားပညာရေးဥပဒေ ပြဋ္ဌာန်းချက်ရှိတယ်၊ ဇွတ်အတင်းလုပ်တာ မဟုတ်ဘူး၊ ဥပဒေနဲ့အညီလုပ်တာပါပဲ။ အစိုးရက အခြေခံပညာဦးစီးဌာနအောက်မှာရှိတဲ့ အစိုးရအုပ်ချုပ်မှုအောက်မှာမရှိတော့ ကူညီဖို့ အခက်အခဲရှိသေးတယ်'' လို့ မွန်ပညာရေးအစီအစဉ်ညှိနှိုင်းရေးမှူး မင်းအောင်ဇေက ပြောပါတယ်။ မွန်ပညာရေးကော်မတီလက်အောက်ခံ မွန်အမျိုးသားကျောင်းမှာ ကျောင်းပေါင်း ၁၃၃ ကျောင်းနဲ့ ကျောင်း၊ ဆရာဆရာမ ၇၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဝင်းနိုင်သက်
1 year Ago

မြစ်ကြီးနားတွင် ကျပ်သိန်း ၂၀,၀၀၀ ခန့် ကုန်ကျခံမည့် ရေကူးကန်တည်ဆောက်မည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အများပြည်သူအသုံးပြုနိုင်မယ့် ရေကူးကန်ကြီးတခုကို ငွေကျပ်သိန်း ၂၀,၀၀၀  ကုန်ကျခံ တည်ဆောက်သွားမယ်လို့ ကချင်ပြည်နယ်အားကစားနဲ့ ကာယပညာဦးစီးဌာနကနေ သိရပါတယ်။ ပြည်နယ်ဂုဏ်ဆောင် ထူးချွန်တဲ့ရေကူး အားကစားသမားတွေ ပေါ်ထွက်လာစေဖို့နဲ့ ပြည်သူလူထုအပန်းဖြေဖို့၊ အားကစားရပ်ဝန်းအဖြစ် ပြုလုပ်သွားဖို့ ရေကူးကန်ကို တည်ဆောက်သွားမယ်လို့ ပြည်နယ်အားကစားနဲ့ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်သူက ပြောပါတယ်။ အဲ့ဒီရေကူးကန်ကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းမှာရှိတဲ့ ၂၄ ဒသမ ၆၆၂ ဧက ကျယ်ဝန်းတဲ့ ငြိမ်းချမ်းသာယာကားကြီးကွင်းအဟောင်းမှာ ပြည်ထောင်စုရန်ပုံငွေနဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ အပြီးတည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ ဘောလုံးကွင်းတစ်ကွင်းစာလောက် ကျယ်ဝန်းမယ့် အဲ့ဒီရေကူးကန်မှာ ပြေးလမ်း ၁၀ လမ်း၊ ပွဲကြည့်စင်၊ ရေကူးကစားသမားတွေအတွက် အမျိုးသား၊ အမျိုးသမီး အိပ်ဆောင်၊ အဝတ်လဲခန်း၊ ရေကူးဝတ်စုံငှားရမ်းခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်းတွေ ဆောက်လုပ်သွားမှာဖြစ်ပြီး ပြည်သူလူထုလက်လှမ်းမီတဲ့ စျေးနှုန်းနဲ့ဖွင့်လှစ်သွားဖို့ စီစဉ်ထားတယ်လို့ ဦးအောင်သူက ပြောပါတယ်။ သတင်း- မမီးမီး
1 year Ago
Up