close

ကျားခေါင်း

close

May 27, 2022

ဓမ္မဘက်က ရပ်တည်မည်ဟု နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအပြီး SNLD ကြေညာ

အာဏာရှင်စနစ်တိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်ဖို့နဲ့ အပြောင်းအလဲမြန်ဆန်နေတဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အခင်းအကျင်းတွေမှာ တရားဓမ္မဘက်ကနေ ရပ်တည်ဆောင်ရွက်သွားမယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီက ကြေညာပါတယ်။ 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ၂ ရက်တာကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံအပြီး ဒီကနေ့ မေလ ၂၇ ရက်မှာ ခုလိုထုတ်ပြန်ကြေညာလိုက်တာပါ။ 

ပြည်တွင်းငြိမ်းချမ်းရေးကို အားလုံးပါဝင်ရေးမူနဲ့ ဆောင်ရွက်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုဦးတည်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းရေးဆွဲသွားဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ရဲ့  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းမူဝါဒကြေငြာစာတမ်းကို အကောင်အထည်ဖော်ရေး၊ ရှမ်းပြည်နဲ့ နိုင်ငံအနှံ့မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေရပ်တံ့ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

ပါတီအနေနဲ့ တိုင်းပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့ ကောင်းမွန်သောပညာရေးစနစ် တိုးတက်မြင့်မားရေး တွန်းအားပေးဆောင်ရွက်သွားမှာဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါတွေ ကင်းစင်တဲ့အထိ တတ်အားသရွေ့ဆောင်ရွက်သွားမယ်လို့လည်း ကြေညာထားပါတယ်။ 

အင်အားကြီးနိုင်ငံရေးပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ တနိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကြီးကို  မေ ၂၆ ရက်ကနေ  ၂၇ ရက်အထိ  ၂ ရက်တာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီတစ်ကြိမ်ညီလာခံမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၃၁ ဦးအပါအဝင် ဗဟိုကော်မတီဝင် စုစုပေါင်း ၁၁၇ ဦးကို ပါတီဖွဲ့စည်းပုံစည်းမျဉ်းနဲ့အတူ ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။

ပါတီထိပ်ပိုင်းခေါင်းဆောင် ဥက္ကဋ္ဌအဖြစ် ဦးစိုင်းညွန့်လွင် ၊ ဒုဥက္ကဋ္ဌ-၁ အဖြစ် စိုင်းခမ်းပိုင်ဖ (ခ) ဦးခင်မောင်ညွန့်၊ ဒုဥက္ကဋ္ဌ-၂ စိုင်းလှဖေ၊ အထွေထွေအတွင်းရေးမှူး စိုင်းလ (ခ) စိုင်းလိတ် ၊ တွဲဘက် အတွင်းရေးမှူး- ၁ စိုင်းကျော်ညွန့်၊ တွဲဘက်အတွင်းရေးမှူး-၂  စိုင်းဆမ်ဖွဏ်ဆိုင်တို့ ပြန်လည် အရွေးခံခဲ့ရပါတယ်။  

ကျားခေါင်းပါတီလို့လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကို ၁၉၈၈ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီး ပါတီရဲ့ နိုင်ငံရေးမူဝါဒကတော့ ဖက်ဒရယ် ဒီမိုကရေစီစနစ် သွားဖို့နဲ့ တန်းတူရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိ ရေးဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ  ပါတီပြီးရင် ဒုတိယ အမတ်အများ ဆုံးရခဲ့ပါတယ်။  ၂၀၀၅ ခုနှစ်မှာ ပါတီခေါင်းဆောင်တွေ ဖမ်းဆီးထောင်ချခံရပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခြင်းမရှိဘဲ အန်အယ်လ်ဒီနဲ့အတူ သပိတ်မှောက်ခဲ့ပါတယ်။ 

၂၀၁၂ မှာ ပါတီခေါင်းဆောင်တွေ  ပြန်လွတ်လာကာ ၂၀၁၅ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ   အမတ်နေရာ စုစုပေါင်း ၄၇ နေရာ အနိုင်ရခဲ့ပါတယ်။  

ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာတော့ SNLD ပါတီက ပြည်သူ့လွှတ်တော်အတွက် ၁၃ နေရာ ၊ အမျိုးသားလွှတ်တော် ၂ နေရာ၊ တိုင်းနဲ့ပြည်နယ်လွှတ်တော် ၂၇ နေရာ စုစုပေါင်း    ၄၂ နေရာနဲ့  NLD နဲ့ ကြံ့ခိုင်ရေးပါတီပြီးရင် နိုင်ငံရေးပါတီတွေထဲမှာ တတိယနေရာအများဆုံး အနိုင်ရရှိခဲ့တာပါ။ 

SNLD ပါတီကို လက်ရှိ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အစစ်ခံဖို့ အကြောင်းကြားထားတာနဲ့ ပတ်သက်ပြီး  ပါတီကတော့ ပါတီစည်းကမ်းအရ  သွားတော့အစစ်မခံနိုင်ပဲ  ရုံးမှာလာရောက်စစ်ဆေးနိုင်ကြောင်း ပြောထားတာရှိပါတယ်။

စကစ ရွေးကောက်ပွဲကော်မရှင်ကလည်း သတ်မှတ်ထားတဲ့ရက်အတွင်း လာပြီးအစစ်မခံရင် ပါတီဖျက်သိမ်းမယ်ဆိုပြီး သတိပေးထားကာ ဒီကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က သူတို့ကို ဇွန်လ ၃၀ ရက်အထိ အချိန်ထပ်ပေးထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပဖို့ ပြောဆိုနေတာနဲ့ ပတ်သက်ပြီး SNLD အနေနဲ့ကတော့ ဒီ ၂၀၂၂ နှစ်ကုန်တဲ့အထိ ရွေးကောက်ပွဲအကြောင်းကို မစဉ်းစားဘူးလို့ ဆိုပါတယ်။

SNLD  ပါတီကိုထူထောင်ရာမှာပါဝင်ခဲ့သူလည်းဖြစ် ပါတီ ဥက္ကဋ္ဌဟောင်းဖြစ်တဲ့  ဝါရင့်နိုင်ငံရေးသမားကြီး ဦးခွန်ထွန်းဦးကတော့ ပြီးခဲ့တဲ့   ဧပြီ ၃၀ ရက်က ရန်ကုန်မြို့ရှိ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Photo- SNLD

12 hours Ago

November 11, 2020

ရွေးကောက်ပွဲအနိုင်ရ ရှမ်းလွှတ်တော်ကိုယ်စားလှယ် နန်းမွန်းမွန်းပေါင်း (ခ) နန်းဥမ္မာနှင့် ဆက်သွယ်မေးမြန်းချက် 

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ အထွေထွေရွေးကောက်ပွဲကြီးမှာ ကျားခေါင်းပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့  လွှတ်တော် ၃ ရပ်စလုံးမှာ နေရာပေါင်း ၄၀ ကျော်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီအထဲက ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၁ မှာ ရှမ်းပြည်နယ်လွှတ်တော်အတွက် ဝင်ပြိုင်ပြီး မဲအများဆုံးအနိုင်ရခဲ့တဲ့ နန်းမွန်းမွန်းပေါင်း (ခ) နန်းဥမ္မာကို မဲပေးခဲ့တဲ့ ပြည်သူတွေအတွက် ဘာတွေအရင်ဆုံး ဦးစားပေး စတင်လုပ်ဆောင်သွားဖို့ရှိနေလဲဆိုတာကို ဒီဗွီဘီကနေ ဆက်သွယ်မေးမြန်းထားပါတယ်။  မေး - ရွေးကောက်ပွဲမှဦ  နန်းမွန်းမွန်းပေါင်းအနေနဲ့ ဘယ်ပါတီတွေနဲ့ ယှဉ်ပြိုင်ရပြီး မဲအရေအတွက်ဘယ်လောက်နဲ့ အနိုင်ရခဲ့ပါသလဲ။  ဖြေ - “ကျမတို့မဲဆန္ဒနယ်မြေမှာတော့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ SNDP ကျားဖြူပါတီ တွေရှိပါတယ် ၊ မဲရလဒ်အနေနဲ့တော့  ကျမကိုယ်စားပြုပြိုင်တဲ့ SNLD က ၂၆၉၃၆ မဲ ၊ NLD က ၈၀၈၀ မဲ ၊  SNDP က  ၃၂၄၇  မဲနဲ့  USDP ပါတီက  ၄၂၇၃  မဲရပါတယ်ရှင့်”  မေး - ဒီမဲရလဒ်တွေအပေါ် ဘယ်လိုမြင်ပါသလဲ။  ဖြေ -  “ဟုတ်ကဲ့ ကျေနပ်ပါတယ်။ အမျိုးသားလွှတ်တော်အဆင့်မှာတော့ သူကတခြားမြို့နယ်တွေ နဲ့ပါ မဲတွေထပ်ပေါင်းရလို့ သေချာအောင်နယ်မြေထိ ပြန်ပြီးလိုက်စစ်ရတာရှိပါတယ်။ လောလောဆယ် အန်အယ်လ်ဒီက ၅၃ မဲသာနေတယ်” မေး - ဒီရွေးကောက်ပွဲမှာ အခုလို အနိုင်ရဖို့အတွက် ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရပါသလဲ။  ဖြေ - “အခက်အခဲကတော့ ကိုဗစ်-၁၉ ကူးစက်ကာလ မဲဆွယ်တဲ့လူရော မဲပေးမယ့်လူပါ စွန့်စား ရတယ်၊ လူဦးရေ ၅၀ ထက်ပိုမစုရဘူးဆိုတော့ လူအများကြီးကို မရှင်းပြနိုင်ဘူးပေါ့ ။ ရံပုံငွေ အနေ နဲ့တော့ သိပ်အခက်အခဲမရှိပါဘူး၊ ကျမတို့ဆီက ရောက်တဲ့ရွာတိုင်းမှာ အဲဒီရွာက ဒိုင်ခံပြီး ကျွေးမွေးဧည့်ခံလို့” မေး  -  ၂၀၁၅ ရွေးကောက်ပွဲတုန်းကရော ဝင်ပြိုင်သေးလား။ ဖြေ – မပြိုင်ပါဘူးရှင့် ၊ ပါတီစည်းရုံးရေးတာဝန်ဘဲယူပါတယ်။ ကလေးကလည်းငယ်သေးတော့လေ။ မေး - ဒီနှစ်တော့ လုပ်မှာပေါ့နော် ၊ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘယ်ဒေသတွေကို ကိုယ်စားပြုပြီး ဘာတွေ ဦးစားပေးလုပ်သွားဖို့ ရှိပါသလဲ။  ဖြေ -“ဟုတ်ကဲ့ လုပ်မှာပါ ။ ကျမတို့သီပေါမှာ မြို့ပေါ်ရပ်ကွက် ၇ ခုနဲ့ စာရင်းပြုစုပြီးသလောက်ဆိုရင်  ကျေးရွာအုပ်စုပေါင်း ၄၂ စုရှိပါတယ်။ ကျမက ကျေးလက်တောရွာတွေကို အရင်ဆုံးဦးစားပေးပြီး ဆောင်ရွက်သွားမှာပါ။ လုပ်ချင်တာတွေ လုပ်စရာရှိတာတွေတော့ အများကြီးပါပဲ။ ကျမတို့ သီပေါမှာ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုပြဿနာ၊ ကုမ္ပဏီတွေရဲ့ ရေကာတာစီမံကိန်းကြောင့် သဘာဝဝန်းကျင်ပျက်စီးမှုပြဿနာ၊ လက်နက်ကိုင်အဖွဲ့တွေများပြီး နယ်မြေအေးချမ်းတည်ငြိမ်မှုမရှိလို့ စစ်ပြေးရှောင်ရတဲ့ ပြဿနာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတောတွေအများကြီးပါပဲ။ အဲဒီထဲကမှ ဦးစားပေးလုပ်ရမယ့်ဟာဆိုရင် ပညာရေးတိုးတက်ဖွံ့ဖြိုးမှုကို လုပ်ပါမယ်။ ဘာကြောင့်လဲဆို ပညာရေးဟာ အရာရာတိုင်းရဲ့ သော့ချက်ပါပဲ။အသိပညာရှိရင် ပြဿနာတွေ ဖြေရှင်းရ လွယ်ပါလိမ့်မယ်။ ကျမတို့ ရွာကလူတွေဟာ  ဆန္ဒမဲကို ဘယ်လိုပေးရမှန်းတောင်မသိ၊ တံဆိပ်ကိုတောင် မှန်အောင်မထုတတ်တဲ့အထိဖြစ်ရတယ်။ စာမတတ်လို့ပေါ့နော်၊  ဒါကြောင့် ပညာရေးကို ဦးစားပေးလုပ်ဆောင်သွားပါမယ်။  မေး - လက်ရှိရထားတဲ့ မဲရလဒ်တွေအရ ရှမ်းပြည်နယ်လွှတ်တော် အခင်းအကျင်းဘယ်လို ဖြစ်နိုင်သလဲ။ ဖြေ - “ကျမအနေနဲ့က  လွှတ်တော်အတွေ့အကြုံမရှိသေးလို့ အခင်းအကျင်းဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ သုံးသပ်လို့မရသေးပါဘူး။ ဒါပေမဲ့ ပြောနိုင်တာကတော့ ကျမတို့ပါတီက နေရာ အတော်များများနိုင်ထားတော့ လွှတ်တော်ထဲမှာ အသံတွေပိုများပြီး ပြည်သူတွေရဲ့ လိုလားချက်တွေ ရလာအောင် တင်ပြပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြည်သူတွေနဲ့ သဟဇာတမဖြစ်တဲ့ အခြေခံ ဥပဒေတွေလည်း ပြုပြင်နိုင်မယ်လို့ ယုံကြည်ပါတယ်။  မေး - နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ။ ဖြေ -  “ကျမတို့ SNLD ပါတီပေါ် ယုံကြည်စိတ်ချစွာမဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်ပြည်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျမအနေနဲ့လည်း ကိုယ်စွမ်းအား ဉာဏ်စွမ်းအားရှိသလောက် ပြည်သူ့အကျိုး ပြည်သူ့လိုအပ်ချက်တွေကို အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားပါမယ်။ ကျမတို့ပါတီတစ်ခု တည်းနဲ့ ဆောင်ရွက်လို့မရတာမျိုး လက်လှမ်းမမှီတဲ့နေရာတွေဆိုရင် နယ်မြေထဲက အခြားပါတီ တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရပါမယ်။ အရင်ကလည်း အန်အယ်လ်ဒီနဲ့ ချိတ်ဆက်ပြီး ရွာမှာမီးလင်းဖို့ကိစ္စတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဥပမာကျားဖြူပါတီဆိုရင်လည်း ရွေးကောက်ပွဲ မှာ မ နိုင်ပေမယ့်လည်း လူထုအကျိုးအတွက် ဒေသထဲမှာ ကျမတို့ ပူးပေါင်းဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။” မေး - အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။   နန်းမွန်းမွန်းပေါင်းဟာ သီပေါမြို့ဇာတိဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်က မန္တလေး ကွန်ပြူတာ တက္ကသိုလ်ကနေ ကွန်ပြူတာဒီပလိုမာ အောင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ မန္တလေးတက္ကသိုလ်ကနေ ပထဝီဘာသာအဓိကနဲ့ ဝိဇ္ဇာဘွဲ့ရခဲ့ပါတယ်။ SNLD ပါတီဗဟိုကော်မတီဝင် ၁ ဦးဖြစ်ပြီး သီပေါမြို့နယ် ဝုန်းမေတ္တာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ လည်းဖြစ်ပါတယ် ။  ဓာတ်ပုံ- နန်းမွန်းမွန်းပေါင်း
2 years Ago
Up