close

ကျားတက်ရွာ

close

October 2, 2022

ဆားလင်းကြီး ကျားတက်ရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ဆာလင်းကြီးမြို့နယ်၊ ကျားတက်ရွာကို  အောက်တိုဘာ ၂ ရက်  မနက် ၁၁ နာရီကျော်လောက်က စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ ကျားတက်ရွာဒေသခံတဦးက ပြောပါတယ်။ 

“ဒေသခံတွေကတော့ တခြားရွာကို ပြောင်းတဲ့သူတွေလည်း ရှိတယ်။ မပြောင်းဘဲ နေတဲ့သူတွေလည်း ရှိတယ်။ အခုဟာက မနက် ၆ နာရီက နှစ်ဖက် အပြန်အလှန် ပစ်ခတ် နေကြတာ။ နေ့လယ် ၁၁ နာရီလောက် Mi 35 နဲ့ လာပစ်တယ်။ မိနစ် ၂၀‌ လောက် ကြာတယ်။ အဲလိုပစ်ပြီး ပြန်လှည့်သွားတယ်။ ကျနော်တို့ သိရတာကတော့ အဲဒီလောက်ပဲ” လို့ ပြောပါတယ်။

နှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ရော၊ ပြည်သူကာကွယ်ရေးဘက်ကပါ အကျဆုံး ရှိနိုင်တယ်လို့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့နဲ့နီးစပ်သူတွေက  ပြောပါတယ်။

ဆားလင်ကြီးမြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက “စစ်ကောင်စီဘက်က ၃ ဦး ကျတယ်။ ဒဏ်ရာရတဲ့သူလည်း များတယ်။ အဲဒါနဲ့ လေယာဉ်နဲ့ပစ်ကူ လာလုပ်ပေးတာ။ တော်လှန်ရေးအဖွဲ့တွေဘက်က ၃ ဦး ကျတယ်လို့တော့ သတင်းတွေ ထွက်နေတယ်။ အတိကျတော့ မသိရသေးဘူး။ တိုက်ပွဲမှာလည်း ထိခိုက်ဒဏ်ရာရသူ ရှိတယ်လို့တော့ ကနဦး သတင်း သိထားတယ်” လို့ ပြောပါတယ်။

ဒီဗွီဘီအနေနဲ့ တိုက်ပွဲဖော်ဆောင်ခဲ့တဲ ပြည်သူကာကွယ်ရေးအဖွဲတွေနဲ့ ချိတ်ဆက်နိုင်ဖိုရာ ကြိုးစား ခဲ့ပေမဲ့ ဖုန်းလိုင်းအခက်အခဲရှိနေတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အခုတိုက်ပွဲကို မြိုင်တော်လှန်ရေးအဖွဲ့၊ ပခုက္ကူတော်လှန်ရေးအဖွဲ့နဲ့ ဆားလင်းကြီးတောင်ပိုင်းအဖွဲ၊့ မြန်မာတော်ဝင်နဂါးအဖွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

13 hours Ago

August 25, 2022

ဆားလင်းကြီးမြို့နယ် ကျားတက်ရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် မိုင်းကွဲ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ဩဂုတ် ၂၄ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က မိုင်းတစ်လုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုပေါက်ကွဲခဲ့တဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ ပုလဲ-ကျားတက်-မုံရွာသွား ကားလမ်းမပေါ်မှာ ဖွင့်လှစ်ထားပြီး ပြည်သူတွေကို အဓမ္မဆက်ကြေးကောက်နေတဲ့ ဂိတ်ဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတာကို မျက်မြင်တွေ့တဲ့ ကျားတက်ရွာ ဒေသခံတစ်ဦးက “ဖြိုးကျော်လက်ဖက်ရည်ဆိုင်အနီးမှာ ပေါက်ကွဲတာဗျ။ အဲနေရာက ကျားတက်စာသင်ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်သားတွေက နေ့တိုင်းထွက်ပြီး အဲဒီဇရပ်ကနေ ပုလဲကလာတဲ့ ကားတွေ၊ မုံရွာဘက်ကလာတဲ့ ကားတွေကို စစ်ဆေးပြီး ဆက်ကြေးတောင်းနေတဲ့ကြတာ ကြာပြီဗျ။ ဒီနေ့တော့ ငါးယောက်ထိုင်ပြီး စခတွေ စကားပြောနေတဲ့အချိန် အခုလို ပေါက်ကွဲပြီး။ နှစ်ယောက်ကတော့ နေရာတင် သေတယ်။ သုံးယောက်ကတော့ ဒဏ်ရာအတော်လေး ဆိုးဝါးတယ်။ အဲဒီဒဏ်ရာရတဲ့သူတွေကို သူတို့ တပ်စွဲထားတဲ့ ကျားတက်စာသင်ကျောင်းထဲ‌ သယ်သွားတာမြင်လိုက်ရတယ်” လို့ ပြောပါတယ်။

အခုမိုင်းကွဲမှုဟာ အဖွဲ့အစည်းတစ်ခုက မိုင်းထောင်ဖောက်ခွဲခဲ့တာမျိုးမဟုတ်ဘဲ စစ်အာဏာရှင် တော်လှန်သူတယောက်က တကိုယ်တော်လှုပ်ရှားခဲ့တာဖြစ်တယ်လို့ ဒေသခံ ပြည်သူကာကွယ်ရေးဒေါင်းနက်အဖွဲ့ခေါင်းဆောင် ဆရာပေက ပြောပါတယ်။

“ကျနော့်အသိထဲက တကိုယ်တော် စစ်အာဏာရှင်ကို တော်လှန်နေတဲ့သူက ဖောက်ခွဲခဲ့တာဗျ။ အခုလို တဦးချင်း တယောက်ချင်းတိုင်းက  စစ်အာဏာရှင်ကို တော်လှန်သွားမယ်ဆိုရင် ဒီတော်လှန်ရေးက အမြန်ဆုံးပြီးဆုံးသွားမယ်။”

စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်ဖွဲ့တွေဟာ တစ်နှစ်ကျော်ကြာ စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့ လက်ရှိအချိန်အထိ ထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး။

1 month Ago
Up