စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို ဇန်နဝါရီ ၁၄ ရက် ဒီမနက် ၇ နာရီလောက်က တိုက်ခိုက်ခဲ့ရာမှာ နှစ်ဖက် ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
ကျားသစ်နက်တပ်မတော် တပ်ရင်းမှူး ကိုဥက္ကာက “မနက် ၇ နာရီက တိုက်ပွဲက စတယ်။ ၁၀ နာရီမှာ တိုက်ပွဲပြီးတယ်။ ကျနော်တို့ဘက်က ၈၀ မမ လက်လုပ်လက်နက်ကြီးနဲ့ ပစ်တယ်။ အနီးကပ်လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တယ်။ တိုက်ပွဲက နှစ်ဖက်ပြင်းထန်တယ်” လို့ ပြောပါတယ်။
တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်က ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အထိခိုက်ရှိနိုင်သလို ဒဏ်ရာရတဲ့သူတွေ ထမ်းသယ်တာတွေလည်း မြင်ရပေမဲ့ အရေအတွက်ကတော့ အတိကျ မပြောနိုင်ဘူးလို့ဆိုပါတယ်။
ပုလဲမြို့နယ် ကန်ဒေါင်ရဲစခန်းကို ဇန်နဝါရီလအတွင်း ၄ ရက်နေ့က တကြိမ်၊ ၇ ရက်က တကြိမ်၊ ၈ ရက်က တကြိမ်၊ ၁၄ ရက်က တကြိမ် စုပေါင်း ၄ ကြိမ် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အခုလို တိုက်ပွဲရက်ကြာရှည်လာတာနဲ့အမျှ မြေပြင်တော်လှန်ရေးအဖွဲ့တွေမှာ ကျည်အခက်အခဲ အရေးပေါ် လိုအပ်နေတယ်လို့လည်း ဒေသခံပြည်သူကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ကျားသစ်နက်တပ်မတော် (B.L.P.A) ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကစပြီး မြိုင်မြို့နယ်နဲ့ ပုလဲမြို့နယ်အတွင်း မိုင် ၁၀၀ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
အဲဒီ မိုင် ၁၀၀ နယ်မြေရှင်းလင်းရေးလုပ်ငန်းကို ဇန်နဝါရီ ၁ ရက်ကစပြီး ဒီနေ့ ဇန်နဝါရီ ၅ ရက် ညနေမှာ အဆုံးသတ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ကမ်းဒေါင့်က ပျူစောထီးတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် (B.L.P.A) တပ်ရင်းမှူး ဗိုလ်ဥက္ကာကပြောပါတယ်။
“ကျနော်တို့ မိုင် ၁၀၀ နယ်မြေရှင်းလင်းရေးကို မြိုင်မြို့နယ်မြောက်ပိုင်းကနေစတယ်ဗျ။ အဲ့နေရာက ပုလဲမြို့နယ်အတိုင်း လက်ယာရစ် စက်ဝိုင်းပုံသဏ္ဌာန်သွားတယ်ဗျ။ ကျနော်တို့သွားရာလမ်းအတိုင်း ရွာက ဒေသခံတွေက တခဲနက်ကို ကြိုဆိုကြတယ်။ မနေ့ ဇန်နဝါရီ ၄ ရက်နေ့ကတော့ ကမ်းဒေါင့်ရွာက ပျူ(--)၊ စစ်(--) တွေနဲ့ မနက်ခင်း ၉ နာရီကနေ ညနေ ၆ နာရီအထိ တရက်တာ တိုက်ပွဲဖြစ်ခဲ့တယ်။ (--)အသေအပျောက်ကတော့ မသိရသေးဘူး။ ကိုယ့်ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲကို ကျားသစ်နက်တပ်မတော် (B.L.P.A) ယင်းမာပင်ခရိုင် အမှတ်-၁၁ တပ်ရင်း၊ ကျားသစ်နက်တပ်မတော် (B.L.P.A) ပခုက္ကူခရိုင် အမှတ်-၁၅ တပ်ရင်း၊ M.P.L အလယ်မြေ ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညို ပြောက်ကျားတပ်ဖွဲ့ ပူးပေါင်းဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း သိပါတယ်။