ဘိုလီးဗီးယားနိုင်ငံက မြို့တော် လာပဲ့ဇ်က လမ်းတွေပေါ်မှာ မတ်လ ၇ ရက်က အမျိုးသမီးတွေ ချီတက်ခဲ့ကြပြီး ကျား၊ မ ကွဲပြားမှု အခြေပြု အကြမ်းဖက်မှု ဓားစာခံတွေအတွက် တရားမျှတမှုကို တောင်းဆိုကြပါတယ်။
မတ်လ ၈ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အကြိုအနေနဲ့ ရာချီတဲ့ အမျိုးသမီးတွေဟာ အယ်လ်အော်တိုမြို့ကနေ မြို့တော် လာပဲ့ဇ်ဆီကို ချီတက်ရဆန္ဒပြခဲ့ကြတာပါ။
အဆောက်အဦ အပြင်ဘက်မှာ ဆန္ဒပြသူတွေက အမှုတွေကို ပိုအရှိန်မြှင့် ဆုံးဖြတ်ဖို့ တောင်းဆိုရင်း အမျိုးသမီးတွေကို သတ်ဖြတ် အဓမ္မပြုကျင့်သူတွေလို့ စွပ်စွဲခံရသူတွေရဲ့ ပိုစတာတွေကိုလည်း ချိတ်ဆွဲခဲ့ကြပါတယ်။
“အိမ်တွေမှာ ငိုနေတဲ့ သားသမီးတွေ ရှိတယ်၊ တရားသူကြီးတွေနဲ့ ရှေ့နေတွေက တရားမျှတမှုကို စိတ်မဝင်စားကြဘူး။ ခင်ဗျားတို့ မိခင်ကနေ မွေးလာတာ ဟုတ်ရဲ့လား၊ ညီမတွေ မရှိကြဘူးလား၊ တရားမျှတမှုကို ကျနော်တို့ တောင်းဆိုနေတာပါ” လို့ အသတ်ခံရသူ အမျိုးသမီးတယောက်ရဲ့ ဆွေမျိုးဖြစ်သူက ပြောပါတယ်။
ဘိုလီးဗီးယားနိုင်ငံဟာ တောင်အမေရိကမှာ အမျိုးသမီး ဖြစ်နေလို့ကို အသတ်ခံရတဲ့နှုန်း အမြင့်ဆုံး နိုင်ငံတွေထဲက တနိုင်ငံပါ။
၂၀၂၁ ခုနှစ်မှာ အမျိုးသမီး အယောက် ၁၀၀ ကျော် အသတ်ခံရတယ်လို့ အစီရင်ခံထားပါတယ်။ ၂၀၂၁ တနှစ်တည်းမှာ ကျား၊ မ ကွဲပြားမှုဆိုင်ရာ အကြမ်းဖက်မှု ၄၆,၀၀၀ ကျော်ကို ဖြေရှင်းနေရပြီး ၃၇,၀၀၀ ကျော်ကတော့ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်တယ်လို့ ဘိုလီးဗီးယား တရားရုံးက ပြောထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ ကျား၊ မ တန်းတူညီမျှမှု ရရှိရေးအတွက် နော်ဝေနိုင်ငံရဲ့ မြို့တော် အော်စလိုက အစည်းအဝေးအတွင်း နော်ဝေဒုက္ခသည်ကောင်စီအကြီးအကဲက တာလီဘန်တွေကို ဇန်နဝါရီ ၂၅ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
အနောက်နိုင်ငံ သံတမန်တွေနဲ့ တာလီဘန် ကိုယ်စားလှယ်တွေ ဆွေးနွေးစဉ်မှာ အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
တာလီဘန်တွေ ပေးထားတဲ့ တချို့ကတိတွေဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်း တချို့ပြည်နယ်တွေမှာ ကတိမတည်ထားဘူးလို့လည်း အက်ဂဲလန်က တာလီဘန်တွေကို ပြောပါတယ်။
“သူတို့ကူညီမယ့် အစည်းအဝေးမှာ အဖော်လုပ်ဖို့ အာဖဂန်နစ္စတန်က အမျိုးသမီးဝန်ထမ်း တယောက်မှာ ဆွေမျိုးတော်စပ်သူ အမျိုးသားတယောက် အဖော်ပါရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို လက်မခံနိုင်ဘူး၊ ဒါဟာ ကျနော်တို့အလုပ်ကို ထိခိုက်စေတယ်” လို့ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးမယ့် ဂျန်အက်ဂဲလန်က မီဒီယာကို ပြောပါတယ်။
အာဖဂန်မှာ ဆင်းရဲမွဲတေမှု နက်ရှိုင်းလာလို့ သန်းချီတဲ့ ပြည်သူတွေ ငတ်မွတ်မယ့်ဘေးကို ရင်ဆိုင်နေရပါတယ်။ အာဖဂန်ရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို သက်သာအောင် ဘယ်လိုလုပ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး နော်ဝေအစိုးရက ၃ ရက်ကြာ ဆွေးနွေးပွဲကို ကျင်းပနေတာပါ။
နော်ဝေနဲ့ နေတိုး မဟာမိတ်တွေဟာ မနှစ်က အာဖဂန်ကို သိမ်းခဲ့တဲ့၊ တာလီဘန်တွေ ဦးဆောင်တဲ့၊ အုပ်ချုပ်ရေးအဖွဲ့ကို တရားဝင် အသိအမှတ်မပြုပါဘူး။ ဒါပေမဲ့ အကျပ်အတည်းက နက်ရှိုင်းလာနေလို့ ဆွေးနွေးပွဲတွေကို လိုအပ်ချက်အနေနဲ့ ရှုမြင်ထားပါတယ်။
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဥရောပသမဂ္ဂတို့ဟာ နော်ဝေနဲ့အတူ ဒီအစည်းအဝေးကို တက်ရောက်ပါတယ်။
တာလီဘန် ယာယီနိုင်ငံခြားရေးဝန်ကြီး အာမီယာခန်း မွတ်တာကီက ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပါတယ်။ ဒါပေမဲ့ သူဟာ အစိုးရအဆင့် ဝန်ကြီးတွေနဲ့ တွေ့ဆုံခွင့်မရဘဲ နိုင်ငံခြားရေး ဝန်ကြီးဌာနအရာရှိတွေနဲ့သာ တွေ့ဆုံဆွေးနွေးခွင့်ရပြီး အငယ်တန်း ဝန်ကြီးတယောက်နဲ့ တွေ့ဆုံကောင်း တွေ့ဆုံရနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။