မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ ကျိုက်ထို တော်လှန်ရေးအင်အားစု KRF က ပြောပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်ကို ဇွန် ၁၂ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က ၄၀-မမနဲ့ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် ဂိတ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ခံ DVB ကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် ပစ်တိုင်းထောင် ထမင်းဆိုင်အနီးမှာ ရှိနေတဲ့ ကားသမားတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီးနောက် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။
မုပ္ပလင် စစ်ဆေးရေးဂိတ်ဟာ စစ်တပ် အာဏာသိမ်းကာလအတွင်း အနည်းဆုံး ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရတာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာပါ။
စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် အင်အား ၇၀ လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းကစပြီး ကျိုက်ထိုမြို့နယ်ထဲကို ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခလရ(၂၀၇)တပ်နဲ့ မြို့မရဲစခန်းကို မေလ ၂၄ ရက် မနက်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်နဲ့ မြို့မရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
KNLA ပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ စစ်ကောင်စီ ခလရ(၂၀၇)တပ်ရဲ့ ဗဟိုကင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်သာ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
သိမ်ဇရပ်မြို့မရဲစခန်း တိုက်ခိုက်မှုမှာတော့ ထိခိုက်မှု ရှိ၊ မရှိ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်းနဲ့ ထပ်မံတိုက်ခိုက်နိုင်တဲ့ အခွင့်အရေး ရှိခဲ့ပေမဲ့ မိသားစုတွေကို ငဲ့ညှာတဲ့အားဖြင့် သတိပေးတဲ့အနေနဲ့သာ ပြုလုပ်ခဲ့တယ်လို့ KRF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစုကို အချိန်မီ ဆက်သွယ်ပေးဖို့နဲ့ နောက်ထပ် တစ်ကြိမ် အခွင့်အရေးမျှ ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား မကြာခဏ ဆိုသလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။