မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးအပါအဝင် ၃ ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီလောက်က ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းဘုရားကိုးဆူအနီးမှာ မရမ်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းကို အမည်မသိ သေနတ်သမားတွေက ဆိုင်ကယ်နဲ့ လာရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် အသက် ၄၇ နှစ်အရွယ် ဦးအောင်ထွန်းဟာ နဖူးကျည်ထိမှန် ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ဒေသခံတွေအဆိုအရ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းဟာ အရင် မရမ်းချောင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက ထပ်ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး တဦးဖြစ်ပြီး အုပ်ချုပ်ရေးမှူးဖြစ်တာ ၅ လလောက်သာ ရှိသေးတယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ ည ၈ နာရီကလည်း ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကဒက်ချောင်းတံတားထိပ်နေ ဆယ်အိမ်မှူး ဦးပေါ်ထွန်း နေအိမ်ကို အမည်မသိ သေနတ်သမား ၄ ဦး ရောက်လာပြီးနောက် ဦးပေါ်ထွန်းနဲ့ စကားထိုင်ပြောနေတဲ့ ဒေသခံ ကိုဇော်မင်းတို့ကို သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် အသက် ၄၃ နှစ်အရွယ် ဆယ်အိမ်မှူး ဦးပေါ်ထွန်းဟာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ အသက် ၃၅ နှစ်အရွယ် ကိုဇော်မင်းမှာ နဖူးပွင့်ထွက်ဒဏ်ရာတွေနဲ့ အခင်ဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ကျိုက်ထိုမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့်အုပ်ချုပ်ရေမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးအပါအဝင် စစ်တပ် သတင်းဒလန် ၂၀ ထက်မနည်း ရှင်းလင်းခံထားရတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီထံ ငွေကြေး ထောက်ပံ့နေတဲ့ လုပ်ငန်းရှင် ၄ ဦးကို ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF က မေ ၃၀ ရက်မှာ စာပေးပို့ သတိပေးလိုက်ပါတယ်။
သတိပေးခံထားရတဲ့သူတွေထဲမှာ ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ် လုပ်ငန်းရှင် ၂ ဦးနဲ့ စားသောက်ဆိုင် လုပ်ငန်းရှင် ၂ ဦးပါဝင်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။
သတိပေးထားတဲ့ လုပ်ငန်းရှင်တွေဟာ စစ်ကောင်စီကို ငွေကြေးထောက်ပံ့တာ၊ ပူးပေါင်းဆောင်ရွက်တာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေကို စစ်ကောင်စီထံ ပေးပို့ တာတွေ လုပ်ဆောင်နေတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ခံက ပြောပါတယ်။
သတိပေးထားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်နေမယ်ဆိုရင် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သွားမှာဖြစ်ကြောင်းနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို လုံးဝ ရပ်တန်ဖို့ သတိပေးထားပါတယ်။
ဒေသခံတွေအဆိုအရ ကျိုက်ထိုမြို့နယ်အတွင်းက စီးပွားရေးလုပ်ငန်းတချို့ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေသလို တချို့လုပ်ငန်းရှင်တွေက စစ်ကောင်စီနဲ့ လုံခြုံရေး ကင်းလှည့် လုပ်ငန်းစဉ်တွေမှာပါ ပါဝင်လာကြတယ်လို့ ဆိုကြပါတယ်။
ကျိုက်ထိုမြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း စီးပွားရေးလုပ်ငန်းရှင် အယောက် ၂၀ ထက်မနည်း ဖမ်းဆီးခံရထားရပြီး အများစုကတော့ ပြန်မလွတ်သေးပါဘူး။