close

ကျိုက်ထို

close

May 7, 2023

ကျိုက်ထို တပ်မ ၄၄ နှင့် ဘီးလင်း ဝင်းကံရဲစခန်း တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ  မေ ၆ ရက် မနက် ၁၁ နာရီလောက်က  ကျိုက်ထို တပ်မ ၄၄ ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်ခံရပြီး တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် တမခ ၄၄ ရုံးရှေ့ လူသွားလမ်းနေရာမှာ ၁ လုံး၊ ခမရ ၂ တပ်အနီး တောစပ်နေရာမှာ နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး တမခ ၄၄ ရုံးမှာ ဆေးသုပ်နေတဲ့ အသက် ၁၉ နှစ်အရွယ် မောင်နေထက်အောင်ဟာ ညာဘက်ပေါင် အစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။

တပ်စခန်းတိုက်ခိုက်ခံရအပြီးမှာ ကျိုက်ထို PDF ပူပေါင်းအဖွဲ့တွေရှိရာနေရာကို ကျိုက်ထိုတပ်နယ်မှ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

KRF ပူးပေါင်းအဖွဲ့ တာဝန်ရှိသူက “စစ်ရေးပစ်မှတ်ကိုတော့ ကျရောက်ပေါက်ကွဲတာရှိတယ်။ ထိခိုက်တာတွေလည်းရှိတယ်။ မြေပြင်အခြေအနေအရ အတိကျတော့ မသိရသေးဘူး”လို့ ပြောပါတယ်။

တပ်စခန်းတွေ တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာတွေ လုပ်ခဲ့တာပါ။

ဘီးလင်းမြို့နယ်၊ ဝင်းကံရဲစခန်းကိုလည်း မွန်းလွဲ ၂ နာရီ ၄၆ မိနစ်မှ ၃ နာရီ ၁၂ မိနစ်အထိ ၂၆ မိနစ်ကြာ ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင်၂ ဦး သေဆုံးခဲ့ကြောင်း၊ တချိန်တည်းမှာဘဲ ဘီးလင်းမြို့နယ်၊ တောင်စွန်းရဲစခန်းအား စုစုပေါင်း ဒရုန်းဗုံးသီး ၄ လုံးနဲ့ ပစ်ချတိုက်ခိုက်ပြီး အထိအခိုက်တော့ မသိရသေးဘူးလို့ ကျိုက်ထို တော်လှန်ရေးတပ်ပေါင်းစုဘက်ကနေ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးတိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်က KRF ကျိုက်ထို တော်လှန်ရေးတပ်ပေါင်းစုဘက်က စစ်ကောင်စီတပ်စခန်းနဲ့ အနီးနားမှာမနေကြဖို့ စစ်ရေးအရှိန်ကို ဆက်လက်မြင့်တင်တိုက်ခိုက်သွားမယ်လို့ သတိပေးထားပါတယ်။

အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ထိခိုက် သေဆုံးဒဏ်ရာရသူ အရေအတွက်နဲ့ ပတ်သက်ပြီးလည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

8 mins Ago

May 5, 2023

ကျိုက်ထို မရမ်းချောင်ဂိတ်အနီးတွင် ကား ၁ စီး တိမ်းမှောက်ပြီး ၁ ဦးသေဆုံး၊ ၃၃ ဦး ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမ၊ မရမ်းချောင်စစ်ဆေးရေးဂိတ် အနီး၊ ကုလားမကွေ့မှာ မေလ ၅ ရက် မနက်ပိုင်းက ဘုန်းကြီးကျောင်းကားတစီး တိမ်းမှောက်ခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

အဆိုပါ ကန်တာအမျိုးအစားကားဟာ ရန်ကုန်၊ သန်လျင်မြို့နယ်ကနေ မော်လမြိုင်၊ ဝါးပိုးကျေးရွာရှိ ပဋ္ဌာန်းပွဲနဲ့ ရေးမြို့၊ လမိုင်းရွာကို ဘုရားထီးတော်တင်သွားကြမှာဖြစ်ပြီး ရဟန်း၊ ကိုရင် အပါအဝင် ၃၄ ဦး လိုက်ပါလာကြတာပါ။

မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ခံတဦးက “အသင်းကားတွေနဲ့ အဲ့နားကကားတွေက ဆေးရုံလိုက်ပို့ပေးပါတယ်။ တဦးကတော့ Deadbody ဖြစ်သွားပါပြီ။ ကိုရင်‌တပါးရဲ့အမေလို့ ပြောတယ်။ အသက် ၃၀ လောက်ပဲ ရှိဦးမယ်။ ကားပေါ်မှာ ဦးဇင်းတွေ ကိုရင်တွေပါတယ်။ သန်လျင်ဘက်က ပရဟိတ ဘုန်းကြီးကျောင်းကလို့ ပြောတယ်” လို့ ပြောပါတယ်။

လမ်းအကွေ့မှာ ဘရိတ်နင်းရာကနေ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာကြောင့် ယာဉ်ခေါင်းခန်း၊ မှန်တွေပျက်စီးသွားပြီး ရဟန်း၊ ကိုရင် ၉ ပါးနဲ့ ကျား မ ၂၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါတယ်။

အသက် ၃၀ အရွယ်ရှိ သေဆုံးသူ အမျိုးသမီးဟာ ကားပေါ်ပါ ကိုရင်တပါးရဲ့မိခင် ဖြစ်တယ်လို့ သိရပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို သိမ်ဇရပ်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ယာဉ်တိမ်းမှောက်တဲ့နေရာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကယ်ဆယ်ရေးအသင်း ၅ သင်း တို့က ကူညီကယ်ဆယ်ခဲ့ကြပြီး ဒဏ်ရာသက်သာသူတွေကို သန်လျင်မြို့နယ်ပြန်ဖို့ စီစဉ်‌ပေးထားတယ်လို့ သိရပါတယ်။

2 days Ago
Up