close

ကျိုက်နဲရေလယ်ဘုရား

close

November 23, 2021

ကျိုက်နဲဘုရားဖူးဖြစ်စဉ်တွင် ရေနစ်သေဆုံးသူ ၅ ဦး ထပ်တွေ့၊ စုစုပေါင်း ၂၀ ထိ ရှိလာ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလောင်းကျေးရွာနဲ့ အံခဲကျေးရွာကြားက ကျိုက်နဲရေလယ်ဘုရားဖူး ဖြစ်စဉ်မှာ ရေနစ်သေဆုံးသူ ၅ ဦးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထပ်မံတွေ့ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက DVB ကို ပြောပါတယ်။

ပြန်လည်ဆယ်ယူရရှိခဲ့တဲ့ ရေနစ်သေဆုံးသူ ၅ ဦးမှာတော့ နာမည်စာရင်း လာမပေးထားတဲ့ အမျိုးသမီးငယ် တစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ပြန်လည် ဆယ်ယူရရှိခဲ့တဲ့ ရုပ်အလောင်း ၅ လောင်းမှာတော့ ပဲခူးတိုင်းက အမျိုးသမီးငယ် ၃ ဦး၊ ကရင်ပြည်နယ် မြိုင်ကလေးက အမျိုးသမီးငယ် ၁ ဦး၊ ရေးမြို့နယ် အစင်ကျေးရွာက အမျိုးသား ၁ ဦး ပါဝင်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားလိုက်ပြီး ရေနစ်သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို သက်ဆိုင်ရာမြို့နယ်တွေကို ပြန်လည်ပို့ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

ကျိုက်နဲရေလယ်ဘုရားမှာတော့ မနေ့ နိုဝင်ဘာ ၂၁ ရက်နေ့က ကမ်းခြေကနေ ၁ မိုင်နဲ့ ၆ ဖာလုံခန့် ကွာဝေးတဲ့ ဘုရားသို့သွားရာ ဒေသအခေါ် နတ်လမ်းမှာ လူအများအပြား တိုးကြိတ်သွားလာရာမှ ဒီရေလှိုင်း ပုတ်ခတ်မှုကြောင့် ပင်လယ်ထဲ မျောပါသေဆုံးမှု ဖြစ်ပေါ်ခဲ့တာပါ။

ကျိုက်နဲရေလယ်ဘုရားဖူး ဖြစ်စဉ်မှာတော့ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ထိ ရေနစ်သေဆုံးသူ ၂၀ ဦး ထိ ရှိလာခဲ့ပြီး၊ ပျောက်ဆုံးနေသူတွေ ရှိနေသေးတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

4 mins Ago

November 22, 2021

ကျိုက်နဲရေလယ်ဘုရားတွင် ရေနစ် သေဆုံးသူ ၁ ဦး အလောင်းထပ်တွေ့၊ ပျောက်ဆုံး ၁၀ ဦး ကျန်ရှိ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလောင်းကျေးရွာနဲ့ အံခဲကျေးရွာကြားက ကျိုက်နဲရေလယ်ဘုရားဖူး ဖြစ်စဉ်မှာ ရေနစ်သေဆုံးသူ နောက်တယောက်ရဲ့  ရုပ်အလောင်းကို နိုဝင်ဘာ ၂၂ ရက် ဒီမနက် ၁၀ နာရီက ပြန်လည် ဆယ်ယူရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။

ပြန်လည်ဆယ်ယူရရှိခဲ့တဲ့ ရေနစ်သေဆုံးသူဟာ ရေးမြို့နယ် အစင်ကျေးရွာက အသက် ၄၀ အရွယ် အမျိုးသား တယောက်ဖြစ်ပြီး လက်ရှိမှာတော့ သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲကို ပို့ဆောင်ထားပါတယ်။

ဘုရားဖူး လာရောက်သူတွေထဲက  ပျောက်ဆုံးနေသူ ၁၁ ဦး လာရောက် စာရင်းပေးထားပြီး၊ ရေးမြို့နယ် အစင်ကျေးရွာက အမျိုးသားတယောက် ပြန်လည် ဆယ်ယူရရှိထားတဲ့အတွက်ကြောင့် ၁၀ ဦး ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေလည်း ကမ်းခြေမှာ ဆက်လက်စောင့်ဆိုင်းနေပြီး  ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကျိုက်နဲရေလယ်ဘုရားမှာတော့ မနေ့က  ဒေသအခေါ် နတ်လမ်းမှာ လူအများအပြား တိုးကြိတ်သွားလာရာမှ ဒီရေလှိုင်း ပုတ်ခတ်မှုကြောင့် ပင်လယ်ထဲ မျောပါသေဆုံးခဲ့တာဖြစ်ပါတယ်။

ကျိုက်နဲရေလယ်ဘုရားဖူး ဖြစ်စဉ်မှာတော့ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းထိ ရေနစ်သေဆုံးသူ ရုပ်အလောင်း ၁၆ လောင်းထိ ပြန်လည် ဆယ်ယူရရှိထားပါတယ်။

19 hours Ago
Up